Skip to main content

တရားမဝင် လူသုံးကုန်ပစ္စည်း၊ ကျောက်စိမ်းအရိုင်းတုံးများနှင့် မီးသွေးများ ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၁

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၉ ရက်တွင် ကချင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ဖားကန့်မြို့ မြို့မရပ်ကွက် ဥရုရတနာ ကျောက်စိမ်းတောင် တံတားအနီးတွင် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားမဝင်သယ် ဆောင်လာသော ကျောက်စိမ်း အရိုင်းတုံး ၈၄၅ ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၄၅၅၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် အောက်တိုဘာ ၁၁ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တပ်ကုန်းမြို့နယ် သစ်တောဦးစီးဌာန ဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တပ်ကုန်းမြို့နယ်အတွင်း တရားမဝင် မီးသွေးအိတ်များနှင့် အခြားသားထင်းပေါက်ခြမ်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၆၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ယင်းအပြင် ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့ကရိတ်(တံတားကျိုး) စုပေါင်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ သွားရောက်မည့် မော်တော်ယာဉ်တစ်စီးပေါ်၌ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် အမျိုးသမီးလက်ကိုင်အိတ် ၁၂၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၄၀၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ အောက်တိုဘာ ၉ ရက်နှင့် ၁၁ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲသုံးမှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၆၈၁၅၀၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်