Skip to main content

မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းစာအုပ်သည် နောင်လာနောက်သား မျိုးဆက်သစ်များအနေဖြင့် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် ပြုစုနေခြင်းဖြစ်ပြီး သတ်မှတ်ချိန်ပြီးစီးနိုင်ရေး အားလုံးပူးပေါင်းဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၉

မြန်မာနိုင်ငံတွင် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ခေတ်အဆက်ဆက် ဆောင်ရွက်ခဲ့မှုကို မျိုးဆက်သစ်များ လေ့လာနိုင်ရန်၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်၊ စက်မှုကဏ္ဍနှင့်ပတ်သက်၍ သင်ခန်းစာဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုခြင်းလုပ်ငန်းကို သတ်မှတ်ချိန်အတွင်း ပြီးစီးရေးအတွက် မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်း ပြုစုရေးဦးစီးကော်မတီ၊ အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီ ပူးပေါင်းညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၂) ကို အောက်တိုဘာ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သလ္လာဝတီလမ်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၌ ကျင်းပသည်။

သတ်မှတ်ချိန်ပြီးစီးရေး

ရှေးဦးစွာ မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းပြုစုရေး ဦးစီးကော်မတီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းစာအုပ်တွင် ပါဝင်မည့် အတွေ့အကြုံ၊ လောကဓံနှင့် သုံးသပ်ချက်များသည် အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် အရေးကြီးကြောင်း၊ စက်မှုလက်မှုကဏ္ဍအတွက် လိုအပ်မည့် လူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းပေးနိုင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခင်ကတည်းက ဆောင်ရွက်ခဲ့သလို ယခုအချိန်တွင် ပိုမိုဆောင်ရွက် ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေးအဖွဲ့ဝင် ပညာရှင်များ၏ အဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများနှင့် နားလည်သဘောပေါက်မှုများကို အနာဂတ်မြန်မာ နိုင်ငံသူ/ နိုင်ငံသားများအတွက် အထောက်အကူ ဖြစ်စေရန် ပြည့်ပြည့်စုံစုံလက်ဆင့်ကမ်း မျှဝေပေးစေလိုကြောင်း၊ ယခုပြုစုနေသည့် မြန်မာနိုင်ငံစက်မှု လက်မှုသမိုင်းစာအုပ်သည် နောင်လာနောက်သား မျိုးဆက်သစ်များအနေဖြင့် စက်မှုလက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် ကြိုးစား၍ ပြုစုနေခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းအား သတ်မှတ်ချိန်တွင် ပြီးစီးနိုင်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။

ပြည့်စုံအောင် ရေးသားထုတ်ဝေနိုင်ရေး

ဆက်လက်၍ အကြံပေးအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သတင်းအချက်အလက် ရှာဖွေစုဆောင်းရေး ဆပ်ကော်မတီဝင်များ၊ ဘဏ္ဍာရေးဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့ဝင်များက မြန်မာနိုင်ငံ စက်မှုလက်မှုသမိုင်းအား ပြည့်စုံအောင် ရေးသားထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်နေမှု၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ လိုအပ်ချက်များကို ညှိနှိုင်း ပေါင်းစပ်၍ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုဆွေးနွေး

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ စက်ရုံများ ငှားရမ်း/အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များနှင့် စက်မှုလုပ်ငန်းရှင်ကြီးများအားတွေ့ဆုံ၍ နိုင်ငံတော်မှ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် စက်မှုဝန်ကြီးဌာန၏ လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးသည်။

အစီအမံများတင်ပြ

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက ကြုံတွေ့နေရသည့် အခက်အခဲများ၊ လက်ရှိလုပ်ငန်းလည်ပတ် အကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

သတင်းစဉ်