Skip to main content

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်ဥပဒေရုံးများ ကြည့်ရှုစစ်ဆေးပြီး ဥပဒေအရာရှိများနှင့်တွေ့ဆုံ

ရန်ကုန် အောက်တိုဘာ ၁

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ကျောက်တံတားခရိုင်၊ ကမာရွတ်ခရိုင်၊ အလုံခရိုင်၊ မရမ်းကုန်း (ခရိုင်ဥပဒေစုပေါင်းရုံး) ကိုလည်းကောင်း၊ ဒေါပုံမြို့နယ်ရှိ သင်္ဃန်းကျွန်းခရိုင် ဥပဒေရုံး၊ ဗိုလ်တထောင်ခရိုင် ဥပဒေရုံး၊ ဒဂုံမြို့သစ် (ခရိုင်ဥပဒေစုပေါင်းရုံး) တို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်ရှိ တိုင်းဒေသကြီး ဥပဒေချုပ်ရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒုတိယတိုင်းဒေသကြီး ဥပဒေအရာရှိများ၊ လက်ထောက်တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများနှင့် တွေ့ဆုံပြီး အမှာစကားပြောကြားသည်။

ထို့နောက် ခရိုင်ဥပဒေအရာရှိများနှင့် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးမောင်မောင်တာတို့က တိုင်းဒေသကြီးအတွင်း ဝန်ထမ်းများ၏ ရုံးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရုံးအဆောက်အဦသစ်များ ဆောက်လုပ်နေမှု၊ ရုံးများတွင် လိုအပ်သည့် အစိတ်အပိုင်းများ ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ်များက လုပ်ငန်းဆောင်ရွက်ရာတွင် လိုက်နာရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ လိုအပ်ချက်များကို ဖြည့်ဆည်း ပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဝန်ထမ်းများ အဂတိတရားကင်းရှင်းရေး တာဝန်ရှိသူအဆင့်ဆင့်က ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်သွားရန်နှင့် ပြည်သူများ၏ အားကိုးယုံကြည်ရသော ဥပဒေအရာရှိများဖြစ်အောင် စိတ်စေတနာအပြည့်ဖြင့် လုပ်ငန်းတာဝန်များကို မှန်ကန်မြန်ဆန်စွာဖြင့် ကျေပွန်စွာ ဆောင်ရွက်ကြရန်၊ လုပ်ငန်းများကို အချင်းချင်း ညှိနှိုင်းပေါင်းစပ်၍ လုပ်ကိုင်ကြရန်နှင့် လုံခြုံရေးကို အထူးဂရုပြု ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)