နေပြည်တော် အောက်တိုဘာ ၁
(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်း ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်း၌ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။
ရှေးဦးစွာ “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ သံဃာတော် အရှင်သူမြတ်များ ချီးမြှင့်အပ်သော ပရိတ်တရားတော်များကို နာကြားကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော် သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချ အမျှဝေပြီး “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
အလားတူ စက်တင်ဘာ ၂၉ ရက်တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဇီဝိတဒါနငါးလွှတ်ပွဲကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ အမှတ် (၃) မင်္ဂလာကန်တော်တွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဇနီး၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် စိုးတင့်နိုင်နှင့် ဇနီး၊ ဒုတိယဝန်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် ဇင်မင်းထက်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယရဲချုပ်များ၊ ရဲအရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများက မင်္ဂလာကန်တော်အတွင်းသို့ ငါးမြစ်ချင်းငါးမျိုးစိတ် ငါးသားပေါက် အကောင် ၅၀၀၀ အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ (၅၈) နှစ်မြောက် ရဲတပ်ဖွဲ့နေ့အထိမ်းအမှတ် အလှူဒါနနှင့် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခဲ့ကြရာ ယနေ့နံနက်ပိုင်း၌ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်၌ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်း ဆက်ကပ် လှူဒါန်းနိုင်ရန်အတွက် အလှူတော်ငွေကျပ် ၁၆၀၀၀၀၀ လှူဒါန်းခြင်းနှင့် စာကလေး ငှက်အကောင် ၂၅၀ ကို ဇီဝိတဒါနအဖြစ် လွှတ်ခြင်း၊ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ “ကရုဏာကမ္ဘာ” ဘိုးဘွားရိပ်သာသို့ အလှူငွေကျပ် ၅၀၀၀၀၀ လှူဒါန်းခြင်း၊ ပုဗ္ဗသီရိမြို့နယ်ရှိ “YGW” ပရဟိတမိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းသို့ ခေါက်ဆွဲကြော်ဘူး ၃၀၀ ကို အာဟာရဒါနအဖြစ် လှူဒါန်းခြင်း၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ “GOLDEN HEART” ခွေးဂေဟာသို့ ဒုက္ခိတတိရစ္ဆာန်များအတွက် အလှူငွေကျပ် ၃၀၀၀၀၀ လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်