နေပြည်တော် စက်တင်ဘာ ၃၀
ဝန်ထမ်းများအနေဖြင့် ပညာဝမ်းစာပြည့်ဝစေရန် အမြဲတမ်းစာအုပ်စာပေများများဖတ်ရှု၍ လေ့လာမှတ်သားသင်ယူကြရန် လိုကြောင်း၊ သို့မှသာ အသိပညာ၊ အတတ်ပညာတိုးပွား၍ ဗဟုသုတနှင့် ပြည့်စုံပြီး အရာရာကိုဝေဖန်ပိုင်းခြားနိုင်သည့် လူတော်လူကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ အားကစားလောက ဖွံ့ဖြိုးတိုးတက်အောင် ကျရာအခန်းကဏ္ဍမှနေ၍ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ အခက်အခဲ လိုအပ်ချက်များရှိပါက အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ပြောကြားခဲ့သည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယမန်နေ့နံနက် ၈ နာရီခွဲက ရေကြည်မြို့နယ် ဘောလုံးအားကစားကွင်းနှင့် မိုးလုံလေလုံအားကစား ခန်းမ အကြီးစားပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်မှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံစဉ် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ဆက်လက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျုံပျော်မြို့နယ် မိုးလုံလေလုံအားကစားရုံနှင့် ဘောလုံးအားကစားကွင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး အားကစားရုံ ရေရှည်တည်တံ့စေရေး ထိန်းသိမ်း စောင့်ရှောက်သွားရန်လိုကြောင်း၊ Score Board အသစ်၊ Inner Fencing နှင့် အဝင်ဂိတ်တံခါးများ ပြုလုပ်ပေးသွားမည်ဖြစ်ကာ လိုအပ်သည့် အားကစား အထောက်အကူပြုပစ္စည်းများလည်း ထောက်ပံ့ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်း အားလုံး အခက်အခဲများရှိပါက တင်ပြနိုင်ကြောင်း၊ မိမိအနေဖြင့် အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြား၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဓနုဖြူမြို့နယ် ပြည်သူ့အားကစားကွင်းရှိ ဘောလုံး အားကစားကွင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
သတင်းစဉ်