နေပြည်တော် စက်တင်ဘာ ၃၀
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့သစ် (တောင်ပိုင်း) တိုးကြောင်ကလေးရှိ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ရေဒီယိုလှိုင်းနှုန်းတိုင်းတာရေး အခြေစိုက်စခန်း(တောင်ဒဂုံ)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လှိုင်းနှုန်းစဉ်များ တစ်ခုနှင့်တစ်ခု နှောင့်ယှက်မှုမရှိစေရေး တိုင်းတာစစ်ဆေးပြီး သုံးစွဲသူပြည်သူလူထု စိတ်ချမ်းမြေ့ အဆင်ပြေစေရေး၊ တရားမဝင် လှိုင်းနှုန်းအသုံးပြုသူများမရှိစေရေး၊ လှိုင်းနှုန်းသုံးစွဲမှုဆိုင်ရာ အချက်အလက်များအား စနစ်တကျ မှတ်တမ်းတင်ထားရှိရေး၊ စက်ပစ္စည်းများ ရေရှည်သက်တမ်းစေ့သုံးစွဲနိုင်ရေး၊ လုံခြုံမှုရှိစေရေး၊ ဝန်ထမ်းများ စွမ်းဆောင်ရည် ပြည့်ဝစေရေးတို့ကို အမြဲမပြတ် ကြီးကြပ်ဆောင်ရွက် ကြရန်မှာကြားကာ ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ တိုးကြောင်ကလေး ဂြိုဟ်တုမြေပြင်စခန်းသို့ ရောက်ရှိရာ တာဝန်ရှိသူများက စခန်းအတွင်းတပ်ဆင်ထားရှိသည့် ဂြိုဟ်တုဆက်သွယ်ရေး စက်ပစ္စည်းများနှင့် ချိတ်ဆက်ထားသည့်ဆက်ကြောင်းများ၊ ဝေးလံ၍သွားလာရန် ခက်ခဲသောဒေသများတွင် မိုလ်ဘိုင်းဆက်သွယ်ရေးစနစ် ရရှိရေးအတွက် ချိတ်ဆက်ထားမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဦးတည်ချက်ဖြစ်သည့် သုံးစွဲသူများ အားထားရသော အော်ပရေတာများဖြစ်စေရေး၊ ဆက်သွယ်ပေးနိုင်မှု၊ ဆန်းသစ်တီထွင်မှုနှင့် သာလွန်ကောင်းမွန်မှုတို့အတွက် အထူးအလေးထား ဆောင်ရွက်ရေး၊ ပြည်သူလူထုက သုံးစွဲနိုင်သည့် တတ်နိုင်သောနှုန်းထား၊ အခွန်အခများ ဖြစ်စေရေး၊ စက်ပစ္စည်းများ ရေရှည်ကောင်းမွန်စေရေး၊ ဝေးလံသော ဒေသများအတွက် ဂြိုဟ်တုဆက်သွယ်ရေး စနစ်သည် အဓိကကျသဖြင့် နိုင်ငံပိုင် Myanmar Satellite 2 ဆက်ကြောင်းများကိုလည်း အကျိုးရှိရှိ အသုံးပြုနိုင်ရေး လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးပြီး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများပေးအပ်သည်။
ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သိုလှောင်ရုံ (Ware house) သို့ ရောက်ရှိစစ်ဆေးပြီး နောက် ပြည်ထောင်စုဝန်ကြီးက စက်ပစ္စည်းများ သိုလှောင်ထိန်းသိမ်းမှုစနစ်ကို သတ်မှတ်စံနှုန်းများနှင့်အညီ စနစ်တကျထိန်းသိမ်းရေး၊ ဖြန့်ဖြူးထောက်ပံ့နိုင်ရေးတို့ကို မှာကြားပြီး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် စမ်းချောင်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ ဟံသာဝတီ Data Center သို့ရောက်ရှိပြီး တာဝန်ရှိသူက လုပ်ငန်းဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဒေတာစင်တာများသည် သတင်းအချက်အလက် ခေတ်တွင် လွန်စွာအရေးပါသဖြင့် ပြတ်တောက်မှုမရှိ၊ အချိန်ပြည့်အသုံးပြုနိုင်ရေးအတွက် အရန်ဓာတ်အားပေးစက်များ အမြဲကောင်းမွန်နေစေရေး၊ အရန်ဆက်ကြောင်းများဖြင့် ချိတ်ဆက်နိုင်ရေး၊ စက်ပစ္စည်းများ၏ စွမ်းဆောင်မှုအရည်အသွေးများ စံချိန်စံညွှန်းအတိုင်း ကောင်းမွန်စွာအသုံးပြုနိုင်ရေး၊ ဒေတာစင်တာလုံခြုံရေးစီမံချက်နှင့် မီးဘေးလုံခြုံရေး စီမံချက်များ ရေးဆွဲဆောင်ရွက်ရေး၊ ဝန်ထမ်းများ ကျန်းမာရေးသတ်မှတ် စည်းကမ်းများကို တိကျစွာလိုက်နာရေးတို့ကို လမ်းညွှန်မှာကြားပြီးနောက် စက်ခန်းများကို စစ်ဆေးပြီး ဝန်ထမ်းများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာ့မီးရထား၏ စက်ခေါင်းစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး စက်ရုံအထွေထွေမန်နေဂျာက အထက်အကြီးအကဲများ လာရောက်စစ်ဆေးစဉ် လမ်းညွှန်မှာကြားချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် စက်ရုံလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ စက်ရုံ၏ လုံခြုံရေး၊ စနစ်တကျရှိရေး၊ လေဝင်လေထွက်များ ကောင်းမွန်စေရေး၊ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ လုပ်ငန်းဆိုင်ရာ မှတ်တမ်းများ စနစ်တကျထားရှိရေး လိုအပ်ချက်များ မှာကြားပြီး ဝန်ထမ်းများ အား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ယင်းနောက် မြန်မာ့မီးရထားဆေးရုံ(အင်းစိန်) သို့ရောက်ရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အင်းစိန်ဆေးရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ ဆရာဝန်ကြီးက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်