နေပြည်တော် စက်တင်ဘာ ၃၀
၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကျင်းပရေး ဦးစီးကော်မတီ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဦးစီးကော်မတီဒုတိယဥက္ကဋ္ဌ (၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးနေဝင်းတို့က အွန်လိုင်းမှ တက်ရောက်ကြသည်။
ရှေးဦးစွာ ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေး၌ ပဒေသာကပွဲနှင့်ပတ်သက်၍ သတ်မှတ်ထားသည့် ရက်အလိုက် ကပြဖျော်ဖြေမည့် အစီအစဉ်များ၊ Logo၊ Theme Song တို့ကို အတည်ပြုပေးရန်နှင့် ရုပ်ရှင်၊ သဘင်၊ ဂီတအဖွဲ့အစည်းများက တင်ပြထားသည့် အစီအစဉ်များကို အတည်ပြုပေးရန် ရှိပါကြောင်း။
(၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲသည် အနှစ်သာရရှိပြီး တစ်သက်မှာတစ်ကြိမ်သာ ဖြစ်သည့်အတွက် အောင်အောင်မြင်မြင်ဖြစ်ရန် လိုအပ်သကဲ့သို့ ပြည်သူများ၏ စိတ်ထဲတွင် လွတ်လပ်ရေး၏ အနှစ်သာရကို စွဲစွဲထင်ထင် ကျန်ရစ်စေလိုပါ ကြောင်း၊ သမားရိုးကျ ကပြဖျော်ဖြေခြင်းထက် ထူးခြားသည့် သရုပ်ဖော်မှုများဖြင့် ပြည်သူလူထု နှစ်သက်သဘောကျပြီး ပြည်သူပြည်သားများအားလုံး အမျိုးသားရေးစိတ်များ ပေါ်ထွန်းလာစေကာ နိုင်ငံ့အတွက် အကျိုးဖြစ်ထွန်းစေမည့် စိတ်ခံစားမှုရရှိပါက ပဒေသာကပွဲ ကျင်းပရကျိုးနပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ပဒေသာကပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် မိမိတို့ဌာနက အစွမ်းကုန် ပူးပေါင်းပါဝင်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ကပြမည့် သဘင်အဖွဲ့များလည်း အသင့်ဖြစ်နေပြီဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ (၂) နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က လဟာပြင်ကဇာတ်ရုံနှင့်ပတ်သက်၍ လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးရဲတင့်က ပဒေသာကပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက ပဒေသာကပွဲနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများ၊ လျာထားချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဦးစီးကော်မတီ အတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ယခု အစည်းအဝေး ဆုံးဖြတ်ချက်များကို ဆွေးနွေးတင်ပြသည်။
ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဆွေးနွေး တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပဒေသာကပွဲကို နေပြည်တော် မြို့တော်ခန်းမ လဟာပြင်ကဇာတ်ရုံ၌ ငါးရက်ကြာ ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်တို့တွင် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူ၍ ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်အသီးသီးမှ အနုပညာရှင်များဖြင့် ဖျော်ဖြေတင်ဆက်ကပြမည်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးအောက်ရှိ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကပြမည်ဖြစ်ကာ နိုဝင်ဘာ ၃၀ ရက်တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကပြမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်