နေပြည်တော် စက်တင်ဘာ ၃၀
“ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံသို့ နိုင်ငံတကာနှင့်ဒေသတွင်းမှ ပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာရေးအတွက် ပြည်တွင်း/ ပြည်ပမှ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ရုပ်သံမီဒီယာများအားဖိတ်ခေါ်၍ မြန်မာနိုင်ငံ၏ ခရီးသွားဆွဲဆောင်မှုနေရာများ၊ သမိုင်းဝင်ယဉ်ကျေးမှုအမွေအနှစ်နေရာများ၊ သဘာဝအလှအပများနှင့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝပုံစံများကို နိုင်ငံတကာမီဒီယာများမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် မြှင့်တင်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာခရီးသွားများ လာရောက်လည်ပတ်သောအခါ ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာသင်တန်းများ၊ ဘာသာစကားသင်တန်းများကို ခရီးစဉ်ဒေသ အသီးသီးအတွက် ဖွင့်လှစ်ပို့ချခြင်းတို့ကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်သည် စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ပုဂံမြို့ရှိ ရွိုင်ရယ်ပဲလေ့စ် ဟိုတယ်သို့ရောက်ရှိပြီး မြန်မာ - တရုတ် ချစ်ကြည်ရေးအသင်း၊ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာနနှင့် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဇုံ) တို့ ပူးပေါင်းဖွင့်လှစ်လျက်ရှိသော နေ့စဉ်သုံးတရုတ်ဘာသာ စကားပြောသင်တန်းတွင် တက်ရောက်လျက်ရှိကြသော ပုဂံမြို့ရှိဌာနဆိုင်ရာဝန်ထမ်းများ၊ ဧည့်လမ်းညွှန်များအား တွေ့ဆုံ၍အမှာစကားပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ပုဂံမြို့ Aureum Palace ဟိုတယ်၌ ထိုင်းနိုင်ငံရှိ Best International Travels & Agency မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံ ရုပ်သံမီဒီယာ Channel-5 အဖွဲ့ကို လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ထိုင်းနိုင်ငံမှ Best International Travels & Agency နှင့် Channel-5 ရုပ်သံအဖွဲ့များက မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ထိုင်းခရီးသွားဧည့်သည်များ ပုဂံနှင့်မန္တလေးမြို့များသို့ ပိုမိုလာရောက်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာမေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းပြောကြားပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ Best International Travels & Agency မှ ကိုယ်စားလှယ်များနှင့် ထိုင်းနိုင်ငံရုပ်သံမီဒီယာ Channel-5 မှ အဖွဲ့များသည် နန်းမြင့်မျှော်စင်သို့သွားရောက်ကာ ပုဂံဒေသ၏မြင်ကွင်းကျယ်အလှ၊ သာယာလှပသောရှုမျှော်ခင်းများ၊ နိုင်ငံတကာပြပွဲများ၊ အစည်းအဝေးများကို လက်ခံကျင်းပနိုင်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် ခရီးသွားများ လာရောက်လည်ပတ်နိုင်ရန် ပြင်ဆင်ထားရှိမှုကို လေ့လာကြည့်ရှုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Bagan Information Training Center (BITC) သို့သွားရောက်ပြီး ပြည်တွင်း/ ပြည်ပခရီးသွားဧည့်သည်များအား လိုအပ်သော သတင်းအချက်အလက်များပေးနိုင်ရေးအတွက် မြေပုံများ၊ လက်ကမ်းစာစောင်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် ခရီးသွားဆွဲဆောင်ရာနေရာများကို ခရီးသွားဧည့်သည်များ Virtual Reality Tour ဖြင့် ခံစားကြည့်ရှုနိုင်ရန်အတွက် တပ်ဆင်ဆောင်ရွက်ထားရှိမှုနှင့် Heritage Bagan ဟိုတယ်၌ တရုတ်ဘာသာစကားပြောသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့်အဖွဲ့အား အွန်လိုင်းဖြင့်တွေ့ဆုံကာ ရုရှားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ ပိုမိုလာရောက်ရေးနှင့် မြန်မာ - ရုရှား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးမြို့မင်္ဂလာမန္တလေးဟိုတယ်၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မန္တလေးမြို့ရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ ဟိုတယ်များမှတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပြီး မန္တလေးမြို့နှင့် ပုဂံမြို့များကို ခရီးသွားကဏ္ဍ မြှင့်တင်ကြော်ငြာရေးဆောင်ရွက်မည့် ထိုင်းနိုင်ငံမှ Best International Travels & Agency နှင့် Channel-5 သတင်းမီဒီယာမှအဖွဲ့များကို ကြိုဆိုနှုတ်ဆက်ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့သို့ရောက်ရှိပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် စစ်တက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်ထားရှိသော ရုရှားဘာသာစကား သင်တန်းသို့သွားရောက်ကာ သင်တန်းသားများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်မှ ရုရှားနိုင်ငံသားခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်များပေးခဲ့သလို ဝန်ကြီးဌာနအနေဖြင့်လည်း ရုရှားခရီးသွားများ ပိုမိုလာရောက်လည်ပတ်နိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်မှုများရှိနေပါကြောင်း၊ မကြာမီကာလတွင် နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှုရှိလာမည့်အပြင် ခရီးသွားမြှင့်တင်ရေးကြော်ငြာမှုများလည်း ကြိုးစား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ ရွှေနန်းထိုက်ဟိုတယ်သို့ရောက်ရှိကာ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပြင်ဦးလွင်ဇုံ) ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ရှိ သမိုင်းဝင်အမွေအနှစ်နေရာတစ်ခုဖြစ်သော ရွှေစံအိမ်ဟိုတယ်ရှိ Governor House သို့ရောက်ရှိကာ ဟိုတယ်ပြင်ဆင်ထိန်းသိမ်းထားရှိမှုကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
သတင်းစဉ်