ရန်ကုန် စက်တင်ဘာ ၂၆
ဆံတော်တိုက်အဝင်အထွက် လုံခြုံရေးမှန်တပ်ဆင်ခြင်းနှင့် ဆံတော်တိုက်ပတ်လည်ရွှေချထားသည့် နံရံများ၌ Polycarbonate တပ်ဆင်လှူဒါန်း လွှဲပြောင်းအပ်နှံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဆာဦးသွင်တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr.Chen Hai က လှူဒါန်းမှုနှင့် ပတ်သက်၍ တရုတ်-မြန်မာနှစ်နိုင်ငံ ကြာရှည်လှသည့် ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုသည် နှစ်နိုင်ငံ ပထဝီတည်နေရာနီးစပ်ပြီး ပြည်သူများရင်းနှီး ချစ်ကြည်၍ ယဉ်ကျေးမှုတူညီသော အစိတ်အပိုင်း တစ်ခုဖြစ်လာကာ တရုတ်-မြန်မာခေတ်အဆက်ဆက် ချစ်ကြည်ရင်းနှီးသည့်အနှစ်သာရ ဂုဏ်ရောင်ကို တိုးပွားစေကြောင်း၊ ဆံတော်တိုက်တွင် လုံခြုံရေးမှန်များ တပ်ဆင်ခြင်းဖြင့် နှစ်နိုင်ငံ ဗုဒ္ဓရေစက် ဓမ္မ သံယောဇဉ်ကို အမွေဆက်ခံပြန့်ပွားအောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ အသိုက်အဝန်း တည်ဆောက်ရေးအတွက်ကြီးမားသော အကျိုးထမ်းဆောင်မှုအသစ်များ ဆောင်ရွက် သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
တည်တံ့ခိုင်ခံ့အောင်ကြိုးစား
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးကိုကို က တရုတ်သံရုံး၏ ပါဝင်လှူဒါန်းမှုများနှင့်အတူ ရွှေသံလွင်ကုမ္ပဏီလီမိတက်က စေတီတော်ဂေါပကအဖွဲ့နှင့် ညှိနှိုင်းပူးပေါင်းကူသိုလ်ယူ ဆောင်ရွက် ပေးခဲ့ကြသဖြင့် လုပ်ငန်းများသတ်မှတ်ချိန်အတွင်း ပြီးစီးခဲ့ကြောင်း၊ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုဆိုင်ရာများ ထွန်းကားပြန့်ပွားစေရေး ဆောင်ရွက်ကြရင်း ရှေးယခင်ကတည်းကရှိခဲ့သည့် ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်တည်တံ့ခိုင်ခံ့အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ပေကျင်း Ling Guang Si ဘုရား ကျောင်းဆရာတော် Chi Chang Cang က တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးအဓွန့်ရှည်ရေး ဆုတောင်းစကား ပြောကြားသည်။
ထို့နောက် လုပ်ငန်းနှင့်သက်ဆိုင်သော စာရွက် စာတမ်းများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့ Ling Guang Si ကျောင်းတိုက် ဆရာတော်ကြီး၏ ကိုယ်စား Mr. LIU YUANLIANG၊ ရွှေသံလွင် ဆောက်လုပ်ရေးကုမ္ပဏီ Managing Director ဒေါ်စန္ဒာဝင်းနှင့် ဗိုလ်တထောင်စေတီတော် အလှည့်ကျ သဘာပတိ ဦးအောင်ကိုဇော်တို့ က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai တို့၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုး လွှဲပြောင်းကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လုံခြုံရေးမှန်တံခါးကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပြီး ဆံတော်တိုက်ကို ဖူးမြော်ကြည်ညိုကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယဉ်ကျေးမှု သံမှူးကြီး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ပညာရည်ချွန်ဆုရ ကျောင်းသား ကျောင်းသူများနှင့်အတူ တောင်ဒဂုံမြို့နယ်ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည့် ၂၀၂၂ ခုနှစ် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံရုံးက သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စီမံခန့်ခွဲမှုအောက်ရှိ ယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်များနှင့် အနုပညာအထက်တန်းကျောင်းများတွင် ပညာဆည်းပူး နေကြသော ထူးချွန်ကျောင်းသား ကျောင်းသူ ၅၅ ဦးကို ပညာရည်ချွန်ဆုချီးမြှင့်သည့် အခမ်းအနား ဖြစ်ကြောင်း၊ ယနေ့ ပညာရည်ချွန်ဆုချီးမြှင့်မှုသည် မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်နေသည့် ထူးချွန်လူငယ်များ မွေးထုတ်ပေးမှုကို ထောက်ပံ့အားပေးမှုဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ရှိရင်းစွဲခင်မင်မှုများ ပိုမိုတိုးတက်ခိုင်မာလာစေ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးက ယခုပညာသင်ဆု ပေးပွဲအခမ်းအနားသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံမှ ယဉ်ကျေးမှုနှင့် အနုပညာ ဘာသာရပ်အထူးပြု ကျောင်းသား ကျောင်းသူများကို ပထမဆုံးအကြိမ် “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု” အထူးပေးအပ်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံယဉ်ကျေးမှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနှင့် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အမွေဆက်ခံရေးအတွက် အရေးပါ သည့်ခွန်အားများ ဖြစ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံအတူတကွ ကြိုးပမ်းဆောင်ရွက်မှုဖြင့် အေးအတူပူအမျှအသိုက်အဝန်းအတူ တည်ဆောက်ရေးလမ်းကြောင်းသည် ပိုမိုကျယ်ပြန့်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြား သည်။
ယင်းနောက် တရုတ်-မြန်မာချစ်ကြည်ရေး ပညာရည်ချွန်ဆုရရှိသည့် ကျောင်းသား ကျောင်းသူများကို ပြည်ထောင်စုဝန်ကြီး၊ သံအမတ်ကြီးနှင့် ယဉ်ကျေးမှု သံမှူးကြီးတို့က ဆုများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနား ရုပ်သိမ်းလိုက်သည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟို ကောင်စီရွေးချယ်ရေး ကော်မရှင်အဖွဲ့ဝင်များကို လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူ များက မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဗဟိုကောင်စီ ရွေးချယ်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်