Skip to main content

လူမှုကွန်ရက်များတွင် သတင်းစီးဆင်းမှုများ အလွန်မြန်ဆန်လာသည့်အတွက် ပြည်သူများသိသင့်သည့် မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို မီဒီယာနည်းလမ်းဖြင့် တိကျမှန်ကန်စွာ တင်ဆက်နိုင်ရန် အရေးကြီး

နေပြည်တော် စက်တင်ဘာ ၂၃

မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက သင်တန်းကာလတွင် သင်တန်းသားများအနေဖြင့် မီဒီယာနှင့်ပတ်သက်၍ အထိုက်အလျောက် ပညာရရှိပြီး ဆက်လက်လေ့လာသွားမည်ဆိုပါက အရှိန်ရသွားမည်ဖြစ်ပါကြောင်း၊ ဓာတ်ပုံပညာနှင့် ပတ်သက်၍ ဓာတ်ပုံသည် သမိုင်းဖြစ်ပါကြောင်း။

ယနေ့ခေတ်တွင် မီဒီယာသည် နည်းပညာတိုးတက်မှုနှင့်အတူ အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြောင်းလဲတိုးတက်နေသောကြောင့် မီဒီယာအခန်းကဏ္ဍကို လိုက်လျောညီထွေစွာ လိုက်ပါဆောင်ရွက်နိုင်ရန် အရေးကြီးလာပါကြောင်း၊ လူမှုကွန်ရက်များတွင် သတင်းစီးဆင်းမှုများ အလွန်မြန်ဆန်လာသည့်အတွက် ပြည်သူများ သိသင့်သိထိုက်သည့် မိမိတို့ဌာန၏ ဆောင်ရွက်ချက်များကို မီဒီယာနည်းလမ်းဖြင့် အသိပေးသည့်နေရာတွင် တိကျမှုရှိပြီး မှန်ကန်မြန်ဆန်စွာ တင်ဆက်နိုင်ရန် အရေးကြီးသကဲ့သို့ အရည်အသွေးပြည့်မီပြီး အပြုသဘောဆောင်သည့် သတင်းမှတ်တမ်းများဖြစ်ရန်လည်း အရေးကြီးပါကြောင်း။

သင်တန်းသားများအနေဖြင့် သင်တန်းတွင် တတ်မြောက်သွားသည့် ပညာများအား မိမိဌာန လုပ်ဖော်ကိုင်ဖက်များကို ပြန်လည်မျှဝေပေးစေလိုပါကြောင်း၊ ဝါသနာပါပါကလည်း ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်စေလိုပါကြောင်း၊ ဓာတ်ပုံရိုက်ကူးရေး၊ ဗီဒီယိုတည်းဖြတ်ရေးပညာသည် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ပါကြောင်း၊ ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာများကို အခြေခံပြီး မိမိဝန်ကြီးဌာနနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတတ်နိုင်ဆုံး ကြိုးစားပါဝင် ပူးပေါင်းဆောင်ရွက် သွားကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းသား ကိုယ်စားလှယ်များထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

ယင်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ သင်တန်းသားများသည် စုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါ မှတ်တမ်းဗီဒီယို ရိုက်ကူးတည်းဖြတ်ခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာ သင်တန်းအမှတ်စဉ်(၁)သို့ ဝန်ကြီးဌာန ၁၂ ခုမှ သင်တန်းသား၊ သင်တန်းသူ ၄၈ ဦး တက်ရောက်ကြပြီး စက်တင်ဘာ ၅ ရက်မှ ၂၃ ရက်အထိ ၁၅ ရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

သတင်းစဉ်