Skip to main content

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၃

အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar ၏ ဖိတ်ကြားချက်အရ စက်တင်ဘာ(၁၉)ရက်တွင် နယူးဒေလီမြို့၌ ကျင်းပပြုလုပ်သည့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ITPGRFA) အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးတွင် (ITPGRFA) အဖွဲ့ဥက္ကဌ Ms. Yasmina El-Bahloul ၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) မှ (ITPGRFA) အတွင်းရေးမှူး Mr. Kent Nnadozie တို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ဆက်လက်၍ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar က အဖွင့် အမှာစကား ပြောကြားပြီး၊ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) ညွှန်ကြားရေးမှူးချုပ် Dr. QU Dongyu (ဒေါက်တာချူဒုံယု)၏ အမှာစကား ဗီဒီယိုကို ကြည့်ရှုကြသည်။

စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ် (ITPGRFA)အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကို (၂)နှစ်တစ်ကြိမ် ကျင်းပခြင်းဖြစ်ကာ ယခုကျင်းပသည့် (၉)အကြိမ်မြောက် အစည်းအဝေးကို ဇီဝမျိုးကွဲထိန်းသိမ်းသူများအား ဂုဏ်ပြုခြင်းနှင့် ၂၀၂၀ ပြည့်နှစ်လွန်ကာလတွင် အားလုံးပါဝင်သော ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးကွဲများ ဖြစ်ပေါ်လာစေရန် မူဘောင်သတ်မှတ်ချက် (Celebrating the Guardians of Crop Diversity: Towards an Inclusive. Post-2020 Global Biodiversity Framework) ဖြင့် အိန္ဒိယနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဖွဲ့ဝင် (၁၄၉) နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့၏ (၉)ကြိမ်မြောက် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားအပြီးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ပြခန်းများတွင် ခင်းကျင်းပြသထားသော အိန္ဒိယနိုင်ငံ၏ ဒေသမျိုးရင်းဝင် လူး၊ ဆပ်၊ နှံစားပြောင်းမျိုးများ၊ သုတေသနပြုရရှိသော နှံစားပြောင်းမျိုးများ၊ အဆိုပါနှံစားသီးနှံများကို အခြေခံထုတ်လုပ်ထားသည့် ခေါက်ဆွဲများ တန်ဖိုးမြင့် စားသောက်ကုန်လုပ်ငန်းများ၊ အိန္ဒိယနိုင်ငံ၏ ဒေသမျိုးရင်း သစ်သီးဝလံသုတေသန လုပ်ငန်းများကို လှည့်လည်ကြည့်ရှုကြပြီး ပြခန်းတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား သုတေသန ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြကြောင်း၊ လူး၊ ဆပ်၊ နှံစားပြောင်း သီးနှံများသည် ရာသီဥတုဒဏ် ခံနိုင်ရည်ရှိပြီး မိုးနည်းရေရှား ဒေသများတွင် စိုက်ပျိုး ဖြစ်ထွန်းနိုင်ပြီး လူသားများ၏ ကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေသည့် သီးနှံများဖြစ်သဖြင့် “၂၀၂၃ခုနှစ်ကို နိုင်ငံတကာ လူး၊ ဆပ် သီးနှံနှစ်” (International Year of Millet) အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်သော ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းတို့နှင့်အတူ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ၏ နည်းပညာနှင့် သုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံများ၏ မျိုးစေ့ထုတ်လုပ်ငန်းတွင် အိန္ဒိယနိုင်ငံအစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ အစည်းများ ရင်းနှီးမြုပ်နှံလိုသူများ ပါဝင်ဆောင်ရွက်နိုင်ရေး၊ သီးနှံထုတ်လုပ်ရောင်းဝယ်ရေး ဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ၏ နိုင်ငံတော်ပိုင် မျိုးစေ့ကော်ပိုရေးရှင်း National Seed Corporation (NSC) မှ Mr. ASHWANI KUMAR ဦးဆောင်သည့်အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားရေးရာဝန်ကြီးဌာန အောက်တွင် မျိုးစေ့ ထုတ်လုပ် ဖြန့်ဖြူးမှု လုပ်ငန်းများကို နိုင်ငံပိုင် စီးပွားရေးကော်ပိုရေးရှင်းပုံစံဖြင့် ဆောင်ရွက်နေမှုကို လည်းကောင်း၊ မြန်မာနိုင်ငံ၏ ပဲမျိုးစုံ၊ နေကြာနှင့် ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုးရေးအတွက် လိုအပ်လာသည့် မျိုးကောင်း မျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေးအတွက် နှစ်နိုင်ငံအကြား သုတေသနနှင့် မျိုးစေ့ထုတ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအတွက် အပင်ဗီဇအရင်းအမြစ်ဆိုင်ရာ နိုင်ငံတကာ သဘောတူ စာချုပ်(ITPGRFA) အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး တက်ရောက်လာကြသူများနှင့်အတူ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့်တောင်သူလယ်သမားရေးရာဝန်ကြီးဌာန Ministry of Agriculture and Farmers' Welfare ဝန်ကြီး Mr. Narendra Singh Tomar က တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲနှင့် ယဉ်ကျေးမှုပဒေသာကပွဲသို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်