နေပြည်တော် စက်တင်ဘာ ၂၂
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ အနာဂတ်ကြယ်ပွင့်ကလေးများ ပရဟိတ ဂေဟာသို့ ဆန် ၁၀ အိတ်၊ ဆီ ၁၀ ပိဿာနှင့် ငွေကျပ် လေးသိန်းတို့ကို ယနေ့ ညနေပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က အနာဂတ် ကြယ်ပွင့်ကလေးများ ပရဟိတဂေဟာမှ သားငယ် သမီးငယ် ကျောင်းသား ကျောင်းသူများ အတွက် နိုင်ငံသားစိစစ်ရေးကတ် မှတ်ပုံတင်ကိစ္စ အကူအညီတောင်းခံလာခြင်းမှ ဤပရဟိတဂေဟာကိုသိရှိ၍ လာရောက်ရခြင်းဖြစ်ပါကြောင်း၊ ကိုယ်ကျင့်တရား ကောင်းမွန်ပြီး စည်းကမ်းပြည့်ဝသော လူငယ်များအဖြစ် နေထိုင်ကျင့်ကြံရမည် ဖြစ်ပါ ကြောင်း၊ ပညာကို ကြိုးစားရှာဖွေ ကြရမည်ဖြစ်ပါကြောင်း၊ ရည်မှန်းချက်ပန်းတိုင်ကို တစိုက်မတ်မတ် လုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း တွေ့ဆုံအားပေးစကား ပြောကြားခဲ့ သည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ကျောင်းသား ကျောင်းသူ လူငယ်များကို အားပေးစကား ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ဆန်၊ ဆီနှင့် ငွေကျပ် လေးသိန်း တို့ကို ထောက်ပံ့လှူဒါန်းရာ သိက္ခာတော်ရဆရာတော် ဦးလင်းထန်က လက်ခံရယူပြီး အနာဂတ် ကြယ်ပွင့်ကလေးများ ပရဟိတဂေဟာမှ သားငယ် သမီးငယ်များက အကများနှင့် သီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကာ သိက္ခာတော်ရဆရာတော်က ကျေးဇူးတင်စကား ပြောကြားသည်။
နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ အနာဂတ်ကြယ်ပွင့်ကလေးများ ပရဟိတဂေဟာတွင် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ တွန်းဇံမြို့နယ်၊ ပလက်ဝမြို့နယ် နှင့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တို့မှ ချင်းတိုင်းရင်းသား တိုင်းရင်းသူ ၃၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်နှင့် လဟယ်မြို့နယ် တို့မှ နာဂတိုင်းရင်းသား တိုင်းရင်းသူ ၂၄ ဦးနှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်မှ အာခါတိုင်းရင်းသား တိုင်းရင်းသူ လေးဦး စုစုပေါင်း ၆၀ လာရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်