Skip to main content

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်တွေ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်း ပေါင်းစပ်ရေးကော်မတီ၏ လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ကြိုတင်ပြင်ဆင်ဆောင်ရွက်

အစည်းအဝေးတွင် ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက မကြာမီကာလတွင် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေး အစီအစဉ်ကို စတင်ဆောင်ရွက်မည်ဖြစ်သည့်အတွက် အထူးသဖြင့် ပြန်လည်လက်ခံရေးနှင့်အတူ ပြန်လည်ထူထောင်ရေး၊ ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဆက်စပ်သည့် ဌာနဆိုင်ရာများက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းများအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားကြရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်း ပြည်နယ်အစိုးရအဖွဲ့အပါအဝင် မိမိတို့ သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အချိန်မီပေးပို့ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး Virtual Online စနစ်ဖြင့် တက်ရောက်ကြသည့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူးနှင့် စခန်းတာဝန်ခံများက လက်ရှိမြေပြင်တွင် ဆောင်ရွက်ထားမှု အခြေ အနေများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကြပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

သတင်းစဉ်