နေပြည်တော် စက်တင်ဘာ ၂၁
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့မွန်းလွဲ ၂နာရီက ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
ပူးပေါင်းဆောင်ရွက်သွားမည်
တွေ့ဆုံဆွေးနွေးပွဲ၌ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုအပါအဝင် တိုးတက်မှုများရရှိရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ အလားတူ အာဆီယံ၏ တူညီဆန္ဒ(၅)ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းနှင့် ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တာဝန်သိအာဆီယံအဖွဲ့ဝင်နိုင်ငံ ပီသစွာဖြင့် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် မိမိတို့၏ အမျိုးသားအကျိုးစီးပွား၊ ပြည်တွင်းဖြစ်ပေါ် တိုးတက်မှုများ၊ တည်ဆဲဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများအပေါ် အခြေခံလျက်အာဆီယံနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံမှ တာဝန်ယူဆောင်ရွက်နေသည့် ကိစ္စများကို ဆက်လက်ထောက်ခံ အားပေးသွားမည်ဖြစ်ကြောင်းကိုလည်းကောင်း ထည့်သွင်း ဆွေးနွေးသည်။
တိုက်တွန်းတားမြစ်ဆောင်ရွက်
ထို့ပြင် မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အကြမ်းဖက်အဖွဲ့အစည်းများနှင့် တရားမဝင်အဖွဲ့အစည်းများဖြစ်သည့် NUG ၊ CRPH နှင့် NUCC ဟုခေါ်ဆိုသည့် အဖွဲ့များနှင့် နယူးယောက်မြို့တွင် တွေ့ဆုံခဲ့သည့်ကိစ္စအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။ ထိုကဲ့သို့ အာဆီယံ၏ ပဋိညာဉ်၊ စည်းမျဉ်းများနှင့် ဆန့်ကျင်နေသည့် ဆောင်ရွက်မှုမျိုးနှင့် ဆွေးနွေးမှုမျိုးကို အာဆီယံ အသိုက်အဝန်းအတွင်းသို့ ယူဆောင်လာခြင်း မပြုရန်အတွက်လည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တိုက်တွန်းတားမြစ် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
သတင်းစဉ်