နေပြည်တော် စက်တင်ဘာ ၂၁
e-Government လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက ပြည်သူလူထု၏ လိုအပ်ချက်များကို ထိထိရောက်ရောက် ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဦးစီးဌာနများအနေဖြင့် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ထဲထဲဝင်ဝင် စိတ်ပါဝင်စားစွာ ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က တိုက်တွန်းပြောကြားလိုက်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ e-Government ဆိုင်ရာ လုပ်ငန်းများတိုးတက်စေရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို ထိုသို့တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သော သင်တန်းများနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ပို့ချသော သင်တန်းများသည် e-Government လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်အတွက် တက်ရောက်ပြီးသူများက ဝန်ကြီးဌာနအတွင်း ဆင့်ပွားသင်တန်းများ ပြန်လည်ပို့ချသွားရန်နှင့် လက်တွေ့ဆောင်ရွက်ရန်လိုကြောင်း၊ e-Government ဌာနခွဲအား လူမှန်နေရာမှန်ဖြင့် ဖွဲ့စည်းထားရှိပြီး e-Government လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နည်းပညာအသုံးပြုခြင်းဖြင့် အချိန်တိုအတွင်း လုပ်ငန်းပြီးစီးနိုင်ခြင်း၊ မြန်ဆန်လုံခြုံစွာ ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း ပြောကြားခဲ့သည်။
ထို့အတူ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က နည်းပညာကျွမ်းကျင်မှုရှိစေရန် အရာထမ်း/ အမှုထမ်းများကို သင်တန်းပို့ချ လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ တစ်ဦးချင်း တတ်ကျွမ်းသူများကို ရွေးချယ်စုစည်း၍ ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ Network Security နှင့် Document Security ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အရာထမ်း/အမှုထမ်းများ အနေဖြင့် လုပ်ငန်းကျွမ်းကျင်အောင် ဆောင်ရွက်နိုင်ရုံမက Digital Ethic ကို အလေးထား လိုက်နာကျင့်သုံးရန်လိုကြောင်း မှာကြားခဲ့သည်။
ယင်းအစည်းအဝေးတွင် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများအလိုက် ဆောင်ရွက်လျက်ရှိသော Social Management Information System(SMIS) ၊ Enterprise Resource Planning (ERP) ၊ Inventary Management Software(IMS)၊ Myanmar Disaster Alert (MDA)၊ Electronic Document Management System(EDMS)၊ Digital Literacy Training ၊ Advanced Training စသည့် လုပ်ငန်း/ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)