နေပြည်တော် စက်တင်ဘာ ၂၀
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများ နှင့်ပူးပေါင်း၍ FATF ၏ တိုးမြှင့် စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသ များစာရင်း (Jurisdictions under Increased Monitoring)မှ လွတ်မြောက်စေရေး ကြိုးပမ်းဆောင် ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် Virtual စနစ်ဖြင့် ကျင်းပသည့် ဘဏ်လုပ်ငန်းကဏ္ဍတွင် AML/CFT ဆိုင်ရာ လက်ရှိဆောင်ရွက်ချက်များနှင့် ဘဏ်များဆက်လက် ဆောင်ရွက်ရ မည့် အချက်များနှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အထူးအလေးထား
ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက ဘဏ်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက် ရမည့် Action Plan ပါ အချက်များအနက် ဘဏ်များ၏ဆုံးရှုံးနိုင်ခြေ မြင့်မားသည့် အပိုင်းများအပါအဝင် Onsite နှင့် Offsite စစ်ဆေးခြင်းကို အချိန်မီဆောင်ရွက်ခဲ့သည့် အတွက်ကြီးမားစွာလိုက်နာ ဆောင်ရွက်ကြောင်း (Largely Addressed) အဆင့် သတ်မှတ်ချက် ရရှိထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဘဏ်များ၏ အကြီးအကဲများ၊ အမှုဆောင်များ၊ စီမံခန့်ခွဲမှု အဖွဲ့များအနေဖြင့် AML/CFT ၏ အရေးကြီးပုံကို ကိုယ်တိုင်ကောင်းစွာ နားလည် သဘောပေါက်ပြီး မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ ချမှတ် ဆောင်ရွက်သွားရန်၊ မိမိဘဏ်၏ Compliance Team ကို လိုအပ်သည့် လမ်းညွှန်မှုများ၊ လုပ်ပိုင်ခွင့်များနှင့် ပံ့ပိုးမှုများ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်နှင့် ဘဏ်များ၏ လျှို့ဝှက်ထား ရန်တာဝန်ကို ကျိုးပေါက်မှု မရှိစေရေး အထူးအလေးထား ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ ပြည်ပငွေလွှဲလုပ်ငန်း ကုမ္ပဏီများ ကြီးကြပ်ရေး လက်စွဲပြုစုထားပြီးဖြစ်၍ ပြည်ပ ငွေလွှဲ ကုမ္ပဏီများကို မကြာမီ သွားရောက်စစ်ဆေးမည် ဖြစ် ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
တင်ပြရလျက်ရှိ
မြန်မာနိုင်ငံသည် ၂၀၂၀ ပြည့် နှစ် ဖေဖော်ဝါရီလ၌ FATF ၏ တိုးမြှင့်စောင့်ကြည့်ရမည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under Increased Monitoring) တွင် ထည့်သွင်းခြင်းခံရပြီးနောက် ၄ လလျှင် တစ်ကြိမ်၊ အာရှပစိဖိတ်ဒေသ ပူးပေါင်းအဖွဲ့ (APJG) မှ မြန်မာနိုင်ငံ၏ တိုးတက်အကောင် အထည်ဖော် ဆောင်ရွက်မှုများ ကိုတင်ပြရလျက် ရှိကြောင်း သိရသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် မြန်မာနိုင်ငံ ဘဏ်များအသင်းဥက္ကဋ္ဌက ဘဏ်များအနေဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေကို ဆွေးနွေးပြော ကြားပြီး တက်ရောက်လာကြသည့် ဘဏ်များမှ တာဝန်ရှိပုဂ္ဂိုလ်များက သိရှိလိုသည့်အချက်များနှင့် ဆောင်ရွက်ပေးစေလိုသည့် အချက်များကို တင်ပြကြရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌကလိုအပ်သည်များကို ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ် ဌာနအကြီးအကဲ များ၊မြန်မာနိုင်ငံဘဏ်များ အသင်းဥက္ကဋ္ဌနှင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ် ဘဏ်ခွဲများနှင့် နိုင်ငံခြား လက်အောက်ခံဘဏ်များမှ အကြီးအကဲများ တက်ရောက် ကြကြောင်း သိရသည်။
သတင်းစဉ်