Skip to main content

SMIS Software စနစ်ကိုအသုံးပြုပြီး ပြည်သူသို့ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေသက်သာပြီး သတင်းအချက်အလက်များ ပိုမိုလုံခြုံစိတ်ချရမှုများစွာသော အကျိုးကျေးဇူးများရရှိမည်

နေပြည်တော် စက်တင်ဘာ ၁၉

အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်၌ ပါဝင်သော အဓိကလုပ်ငန်းစဉ်များအနက် ကိုယ်ဝန်ဆောင် မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသည့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်၊ လူမှုရေးပင်စင် အစီအစဉ်နှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်း အစီအစဉ်တို့ကို SMIS Software စနစ်ဖြင့် ကနဦး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက်စနစ် (Social Management Information System-SMIS) Software စမ်းသပ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လူမှုဝန်ထမ်းဦးစီးဌာန မှ ၂ဝ၂၂-၂ဝ၂၃ ဘဏ္ဍာနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် လူမှုရေးစီမံခန့်ခွဲမှုဆိုင်ရာ သတင်းအချက်အလက် စနစ် (Social Management Informa-tion System-SMIS) Software ကို တပ်မတော်ကွန်ပျူတာ ပညာရှင်များက နည်းပညာပိုင်းဆိုင်ရာကူညီမှုများကြောင့် ယနေ့ကဲ့သို့ အကောင်အထည်ဖော် အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း။

SMIS Software ဖြင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပြည်သူသို့ဝန်ဆောင် မှုပေးသည့် လုပ်ငန်းများ ပိုမိုကောင်းမွန်ထိရောက်လာစေခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ သက်သာခြင်း၊ သတင်းအချက်အလက်များ ပိုမိုလုံခြုံစိတ်ချရခြင်း များစွာသောအကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က အမှာစကား ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အာရှ-ပစိဖိတ်​​ဒေသဆိုင်ရာ ဗျူရို ညွှန်ကြားရေးမှူး Mr.Indrika Ratwatte ဦးဆောင်သောအဖွဲ့ကို အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် UNHCR အဖွဲ့က ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ခရီးစဉ်အတွင်း IDP စခန်းနှင့် တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ခဲ့မှုနှင့် လေ့လာတွေ့ရှိချက်များ၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာအသစ် လက်မှတ်ရေးထိုး ဆောင်ရွက်နိုင်ရေးညှိနှိုင်းမှု အခြေအနေ၊ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်အား အထောက်အကူပြုမည့် လုပ်ငန်းများကို ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းနိုင်ရေး ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသည်။

ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့်ပူးပေါင်း၍ဆောင်ရွက်နေသောစီမံကိန်းများ အကောင်အထည်ဖော်မှု၊ ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည်များ၊ UNHCR အနေဖြင့် အဆင့်တိုင်းတွင် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ချက်များကို အသိပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်