Skip to main content

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုပ်သံထုတ်လွှင့်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၁၉

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ရုပ်သံထုတ်လွှင့်လျက်ရှိသည့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရုပ်သံထုတ်လွှင့်လျက်ရှိသည့် Forever Group Co; Ltd ၊ ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက်၊ Fortune Broadcasting Co; Ltd ၊ KMA TeleMedia Holding Co; Ltd ၊ My Multi Media Group Co; Ltd ၊ မန္တလေး FM ၊ ပဉ္စဝတီ FM ၊ ပတ္တမြား FM ၊ FM ပုဂံ၊ ချယ်ရီ FM တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မီဒီယာ၏အခန်းကဏ္ဍသည် အရေးကြီးသည့်အတွက် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ထာဝရရှေးရှု၍ မှန်ကန်သည့်ရပ်တည်ချက်ဖြင့် ဦးတည်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ မိတ်ဖက်မီဒီယာများအနေဖြင့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေဖြစ်ရန် လိုအပ်သည့်အပြင် နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် မူဝါဒများနှင့် ကိုက်ညီမှုရှိရန် လိုအပ်ကြောင်း၊ သို့ဖြစ်၍ ယခုကဲ့သို့ တွေ့ဆုံပြီး ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းပြရခြင်းဖြစ်ကြောင်း။

ယနေ့အချိန်တွင် အချို့မီဒီယာများသည် သတင်းအမှားများ၊ ကောလာဟလများကို ဖြန့်ဝေထုတ်လွှင့်နေသည့်အတွက် ပြည်သူများကို ထိခိုက်မှုများစွာ ဖြစ်ပေါ်စေကြောင်း၊ ထိုသို့ သတင်းမှားများ၊ ကောလာဟလများကို လူမှုမီဒီယာပလက်ဖောင်းမျိုးစုံမှ ဖြန့်ဝေနေမှုကြောင့် ပြည်သူများ၏ သတင်းအမှန် သိပိုင်ခွင့် ဆုံးရှုံးလျက်ရှိကြောင်း။

ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများနှင့်အတူ နိုင်ငံတော်နှင့် ပြည်သူ့အတွက် တစ်ထောင့်တစ်နေရာမှ ပူးပေါင်းဆောင်ရွက်နေမှုများအတွက် ရုပ်သံကုမ္ပဏီများအား ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် ဆက်လက်ပါဝင် ဆောင်ရွက်ပေးကြစေလိုပါကြောင်းနှင့် သတင်းအမှန်များထုတ်လွှင့်ပြီး မှန်ကန်သည့် အရွေ့တစ်ခုသို့ ရောက်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်က ရုပ်သံလွှင့်မီဒီယာများ သတိပြုရမည့်အချက်များကို ဆွေးနွေးပြောကြားသည်။

ယင်း‌နောက် ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နေသည့် TV, FM Broadcaster ကုမ္ပဏီများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ရုပ်သံလွှင့်ဥပဒေများ ပြဋ္ဌာန်းထားရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

သတင်းစဉ်