နေပြည်တော် စက်တင်ဘာ ၁၉
အမျိုးသား ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အွန်လိုင်းမှ ပါဝင်တက်ရောက်
အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်သူများအသင်းမှ ဦးရဲနိုင်စိုးနှင့် ကွန်ပျူတာပညာရှင်များအသင်းမှ ဦးဇော်ဝင်းထွန်းတို့က အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ၂၈-၈-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ် ၅၃ ဖြင့်လည်းကောင်း၊ ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကို (၂၁-၆-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၉ ဖြင့်လည်းကောင်း၊ နည်းဥပဒေများကို ပြန်ကြားရေးဝန်ကြီးဌာန၏ (၂၀-၁၀-၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၄/ ၂၀၂၀ ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကို (၁-၁၁-၂၀၂၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၆၃/၂၀၂၁ ဖြင့်လည်းကောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း၊ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများအား ထုတ်ပြန်ရေးနှင့်စပ်လျဉ်းပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက မြန်မာနိုင်ငံရုံးခွန်အက် ဥပဒေပြင်ဆင်ရေး ဆောင်ရွက်နေသဖြင့် ခေတ္တဆိုင်းငံ့ထားပါကြောင်း။
ပြင်ဆင်ဖွဲ့စည်းခဲ့
ထိုဥပဒေ၌ လှိုင်းနှုန်းစဉ်စီမံခန့်ခွဲမှု (Spectrum Allocation) နှင့် နည်းပညာပိုင်းဆိုင်ရာ စံနှုန်း သတ်မှတ်ချက်များ (Technical Standard) များကို တာဝန်ယူ ဆောင်ရွက်မည့် အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့နှင့် Content ပိုင်းဆိုင်ရာများကို တာဝန်ယူထိန်းကျောင်းမည့် ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီတို့ ပါဝင်ပါကြောင်း၊ အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို (၂၅-၁-၂၀၁၆) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အမိန့်ကြော်ငြာစာအမှတ် ၂၁/ ၂၀၁၆ ဖြင့် ဖွဲ့စည်းခဲ့ပြီး ထိုအဖွဲ့ကိုပင် ပြင်ဆင်သည့် ဥပဒေပုဒ်မ ၄ အရ (၂၅-၇-၂၀၁၈) ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၈၆/ ၂၀၁၈ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါကြောင်း။
ကြီးကြပ်ဆောင်ရွက်ရမည်
အဖွဲ့အနေဖြင့် ရုပ်သံလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံချက်နှင့်မူဝါဒများကို ကောင်စီနှင့်လည်းကောင်း၊ လှိုင်းနှုန်းစဉ်စီမံခန့်ခွဲမှုဆိုင်ရာ စီမံချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့်လည်းကောင်း ညှိနှိုင်းရေးဆွဲ ချမှတ်ထုတ်ပြန်ရမည်ဖြစ်ပါကြောင်း၊ ထိုကိစ္စများအပြင် နိုင်ငံတော်အတွင်း ရုပ်သံလုပ်ငန်းအတွက် အသုံးပြုမည့် နှစ်စဉ်လှိုင်း နှုန်းစဉ်စီမံခန့်ခွဲမှုဆိုင်ရာစီမံချက်ကို အများပြည်သူသို့ ထုတ်ပြန်ကြေညာခြင်း၊ ရုပ်သံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်နိုင်မည့် မူဝါဒရေးဆွဲချမှတ်ခြင်း၊ ရုပ်သံထုတ်လွှင့်မှု နည်းပညာနှင့် ရုပ်သံလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်းတို့နှင့် သက်ဆိုင်သည့် နည်းပညာဆိုင်ရာ စံနှုန်းသတ်မှတ်ချက်များအား လည်းကောင်း၊ ရုပ်သံဖမ်းယူခြင်းဆိုင်ရာ ဂြိုဟ်တုစလောင်းများ၊ ဖမ်းစက်များ၊ ယင်းတို့နှင့် ဆက်စပ်သည့်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ချိခြင်း၊ ရောင်းချခြင်းတို့နှင့် သက်ဆိုင်သည့် လုပ်ငန်းများကိုလည်းကောင်း ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆက်သွယ်ရေး မူဝါဒကြီးကြပ်မှု မူဘောင်တွင် ရုပ်သံလုပ်ငန်းကို တစ်ဆက်တစ်စပ်တည်း ပါဝင်ဖြစ်ထွန်း လာစေရေးအတွက်လည်း ဆက်သွယ်ရေးနှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
အဖွဲ့နှင့်ကောင်စီသည် အနာဂတ် Broadcast Industry အတွက် အဓိက Regulator များအဖြစ် ဆောင်ရွက်သွားရမည်ဖြစ်သော်လည်း ကောင်စီကို ယခုအချိန်ထိ ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါကြောင်း၊ ကောင်စီကိုယ်စားကောင်စီ၏ လုပ်ငန်းများအားလုံးကိုအဖွဲ့က ဆက်လုပ်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
ဝိုင်းဝန်းဆွေးနွေး
နောင်ကို ရှေ့ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်းပြီး ဆွေးနွေးနိုင်ရန် ယခုကဲ့သို့ မျက်နှာစုံညီ အစည်းအဝေးများကို အခါအားလျော်စွာ ကျင်းပသွားမည်ဖြစ်ပါကြောင်းနှင့် အားလုံးက တက်ရောက်ပေးပြီး ဝိုင်းဝန်းဆွေးနွေးပေးရန် ပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် အဖွဲ့ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်က ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းထားရှိမှု၊ ပြင်ဆင်မှုနှင့် ဆက်လက် ပြင်ဆင်ရန် ဆောင်ရွက်နေမှု၊ New FM Frequency Migration စီစဉ်ဆောင်ရွက်နေမှုနှင့် MRTV DTH စနစ်ဖြင့် ထုတ်လွှင့်နိုင်ရန် စီစဉ်ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဖြည့်စွက်ဆွေးနွေး
ဆက်လက်၍ တက်ရောက်လာကြသူများက ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီ အမြန်ဖွဲ့စည်းနိုင်ရေး၊ အမျိုးသားရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။
သတင်းစဉ်