နေပြည်တော် စက်တင်ဘာ ၁၉
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေး အဖွဲ့ဝင်များနှင့် အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စဉ်ဆက်မပြတ် လေ့လာသုံးသပ်
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်မှု၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့အပါအဝင် ဒေသတွင်းအဖွဲ့အစည်းများနှင့် လတ်တလောပူးပေါင်းဆောင်ရွက်မှုနှင့် စိန်ခေါ်မှုများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက နာယကအဖွဲ့၊ ဝါရင့်အကြံပေးအဖွဲ့နှင့် အမှုဆောင်အဖွဲ့ဝင်များအနေဖြင့် လုပ်ငန်း တာဝန်အသီးသီးကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းပေးပြီး မိမိနိုင်ငံ၏အချုပ် အခြာအာဏာနှင့် ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးမှာ အရေးအကြီးဆုံးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့အနေဖြင့် ပညာရှင်များရှုထောင့်၊ သံတမန်နည်းလမ်းသွယ်-၂ မှ နိုင်ငံရေး၊ ကာကွယ်ရေး၊ စီးပွားရေး စသည့်ကဏ္ဍစုံတွင် မိမိနိုင်ငံအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် အကြံဉာဏ်များ၊ သုံးသပ်ချက်များကို စဉ်ဆက်မပြတ် လေ့လာသုံးသပ်ဖော်ထုတ်၍ အကြံပြုတင်ပြသွားနိုင်ရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ကျော်က မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုကို ရှင်းလင်းတင်ပြပြီး ဝါရင့်အကြံပေးအဖွဲ့ဝင်များနှင့် အမှုဆောင်အဖွဲ့ဝင်များက အကြံပြုဆွေးနွေး တင်ပြကြသည်။
တာဝန်ရှိသူများတက်ရောက်
အခမ်းအနားသို့ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်