Skip to main content

ကရင်ပြည်နယ် ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့် ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ထားရှိရန် Community based Facility Quarantine နေရာများကို ကြည့်ရှုစစ်ဆေး

ဘားအံ မတ် ၃၁

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများအား သီးခြားထားရှိရန် စီစဉ်ထားရှိသည့် Community based facility Quarantine နေရာများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်း၊ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၊ အုန်းတစ်ပင် အထက်တန်း ကျောင်း(ခွဲ)နှင့် ဘားအံ ပညာရေးကောလိပ်သို့ သွားရောက်ပြီး လိုအပ်ပါက Community based facility Quarantine နေရာအဖြစ် ထားရှိအသုံပြုးသွားရန် ပြင်ဆင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယနေ့ သွားရောက်ကြည့်ရှုစစ်ဆေးမှုနှင့် ပတ်သက်ပြီး ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က ῝ အခုလောလောဆယ် ဒီနေ့ထိုင်းနိုင်ငံက ပြန်ဝင်လာတဲ့ ရန်ကုန်နဲ့ဒေသတစ်ချို့ သွားကြမယ့် သူတွေကို ကျနော်တို့က မပို့ပေးတော့ဘဲနဲ့ Quarantine  ၁၄ ရက်ကို ဒီမှာပဲ လုပ်လိုက်တော့မယ်၊ ကရင်ပြည်နယ်က လူတွေကိုကျတော့ ကျနော်တို့က လေးကေ့ကော်ကိုပို့ပြီးတော့ လေးကေ့ကော်ကနေ တစ်ဆင့် ဘားအံကိုပြန်ခွဲမယ်၊ ကျတော်တို့က ၁၄ ရက်ထားမှာဖြစ်တဲ့အတွက် သံလွင်တံတားအနီး အမှတ်(၈)ရပ်ကွက် မိုးကုတ်ဝိပဿနာတရားစခန်း၊ စိုက်ပျိုးရေး သိပ္ပံ(ဇွဲကပင်)၊ လှာကမြင်ကွက်သစ် မူလတန်း လွန်ကျောင်းတို့မှာ (၃)နေရာ ထားရှိသွားမှာဖြစ်ပြီးတော့ ထပ်လိုမယ်ဆိုရင်လည်း အုန်းတစ်ပင်အထက်တန်းကျောင်း(ခွဲ)လိုမျိုး အရန်အနေနဲ့ စီစဉ်ထားတာတွေလည်းရှိပါတယ်၊ အလှူရှင်လည်းရှိတဲ့ အတွက် လူတစ်ဦး ကို မွေ့ယာခင်း၊ ခေါင်းအုံး၊ ရေခွက်၊ ဆပ်ပြာ၊ ရေသန့်ဗူး စသည်ဖြင့် မနက်၊ ည ထမင်းကျွေးမှာ ဖြစ်ပါတယ်၊ အထူးသဖြင့် ရန်ကုန်နဲ့ဒေသတစ်ချို့ပေါ့၊ ကျန်တဲ့ဒေသတွေကတော့ သူတို့အစီအစဉ်နဲ့သူတို့ သွားမှာပါ၊ မန္တလေးတို့ စစ်ကိုင်းတို့ကလည်း သူတို့ကိုကြိုဖို့ ကားတွေလာစောင့်နေတာရှိတယ်῎ ဟု ပြောသည်။

မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ယနေ့နံနက် ၆ နာရီမှ ၁၀ နာရီထိ ထိုင်နိုင်ငံမှ ပြန်လည် ဝင်ရောက်လာသူ ၃၄၂ ဦးအနက် ရန်ကုန်သို့ ပြန်မည့်သူများအား ယနေ့ညနေပိုင်းမှစ၍ ဘားအံမြို့ Community based facility Quarantine နေရာများတွင် လက်ခံထားရှိပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)