Skip to main content

ရွှေဘိုမြို့ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သော ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး တက်ရောက်

မုံရွာ  မတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး ဒေါ်တင့်တင့်(ခ)ဒေါ်ချူးချူးသည် တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမိုးကျော်သူ၊ ရွှေဘိုခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးကိုကိုအောင်တို့ လိုက်ပါပြီး ယနေ့နံနက်(၁၀)နာရီခွဲက ရွှေဘိုမြို့ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သော ရွှေဘိုမြို့ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအတွက် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးများက ကြီးကြပ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများဖြင့် စုပေါင်းပြီး အများပြည်သူဘေးအန္တရာယ်ကင်းရှင်းစေရေးကို အထူးအလေးထား၍  တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသခံအလှူရှင်များ ပူးပေါင်းပြီး အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းတဲ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ပြည်သူ့ ကျန်းမားရေးဦးစီးဌာနအတွက်  ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကြိုတင်ကာကွယ် အသုံးပြုရန်အတွက် ငွေကျပ်သိန်း(၃၅၄)နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ အတွက် လိုအပ်လျက်ရှိသော ကျန်းမာရေး သုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲပြုလုပ်ရခြင်းဖြစ်ပါကြောင်းနှင့် ကိုရိုနာဗိုင်းရပ်ရောဂါနှင့်ပတ်သက်၍လည်း အသိပညာပေးလုပ်ငန်းများကို ပြည်သူများအကြား ကျယ်ကျယ် ပြန့်ပြန့် ကွင်းဆင်း ဆောင်ရွက် ပေးစေကြောင်း ရွှေဘိုမြို့ ဆေးရုံအုပ်ကြီး ဒေါက်တာ စောသက်လျာအောင်နှင့် ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများကို ယခုလိုမျိုးပြည်သူများ အလှူရှင်များဖြင့် ပူးပေါင်း၍ စဉ်ဆက်မပျက် မိမိတို့ဒေသအကျိုးအတွက် အားလုံးပူးပေါင်ပါဝင်ပေးကြဖို့ တိုက်တွန်းမှာကြားခဲ့သည်။

ဆက်လက်၍ ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်၍ ဆေးရုံအုပ်ကြီးမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့်လိုအပ်ချက်များကို တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဆေးရုံအုပ်ကြီးက အလှူရှင်များ၏ အလှူငွေကျပ်(၃၅၄)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းများ တန်ဖိုးငွေကျပ်(၅၀၀)သိန်း၊ စုစုပေါင်းလှူဒါန်းငွေကျပ်သိန်း(၈၅၄)သိန်း အား လက်ခံရယူခဲ့ပြီး အလှူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကာ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေဘိုမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း ကိုရိုနာဗိုင်းရပ်ကြိုတင် ကာကွယ်ရေးအတွက် သံသယလူနာဆောင် ဆောင်ရွက်ထားရှိမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အလားတူ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့သည် ယနေ့ နံနက် ၈ နာရီခွဲက ရွှေဘိုခရိုင် ကျောင်းမြောင်းမြို့နယ်အတွင်းရှိ ကျောင်းမြောင်း-စဉ့်ကူး ဧရာဝတီမြစ်ကူး ရတနာသိင်္ဃတံတား ကိုရိုနာဗိုင်းရပ် ကြိုတင်ကာကွယ်ရေးစစ်ဆေးရေးဂိတ်အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ဆေးဝါးများနှင့် အလှူငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းမြောင်းတိုက်နယ်ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများအားတွေ့ဆုံပြီး ကိုရိုနာဗိုင်းရပ်ရောဂါ မကူးစက်မပြန့်ပွားအောင် မိမိတို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများကစပြီး ကျန်းမာရေးအသိပညာများကို စနစ်တကျ လိုက်နာဆောင်ရွက်ပြီး ပြည်သူများ ပူးပေါင်းပါဝင်လာအောင် စည်းရုံးပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြဖို့လိုကြောင်း တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)