နေပြည်တော် ဩဂုတ် ၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့တွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိများ လုပ်ငန်းခွင်အကြို စွမ်းရည်မြှင့်သင်တန်းအမှတ်စဉ် (၄ / ၂၀၂၂) ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် စစ်ကြောရေးနှင့်တည်းခိုရေး (ရွာတော်)ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများဖြစ်စေရန် ကျင်းပဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ သင်တန်းသားအရာရှိများအနေနှင့် ဝန်ထမ်းရွေးချယ်ရေးက သတ်မှတ်ထားသည့် အရည်အချင်းသတ်မှတ်ချက်များကို အောင်မြင်စွာဖြေဆိုနိုင်ခဲ့၍ ဦးစီးအရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးခံရပြီးဖြစ်သကဲ့သို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်လေ့ကျင့်ရေး သင်တန်းကျောင်းတွင်လည်း ဦးစီးအရာရှိ တစ်ယောက်အနေနှင့် သိသင့်သိထိုက်သည့် ရုံးလုပ်ငန်းဆိုင်ရာများ၊ ဝန်ထမ်းကျင့်ဝတ်များကို သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း။
လာမည့်ရွေးကောက်ပွဲများကို ယခင်ရွေးကောက်ပွဲများတွင် ကျင့်သုံးခဲ့သည့် မဲများသူအနိုင်ရ (FPTP) စနစ်အစား အချိုးကျကိုယ်စားပြုစနစ် (PR) ကို ပြောင်းလဲကျင့်သုံးနိုင်ရေး နိုင်ငံရေးပါတီများနှင့် လေးကြိမ်တွေ့ဆုံဆွေးနွေးခဲ့၍ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခုသင်တန်းတွင်လည်း PR စနစ်နှင့်ပတ်သက်၍ ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ပြောင်းလဲကျင့်သုံးမည့် ရွေးကောက်ပွဲစနစ်နှင့်အညီ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်သိရှိအောင် လေ့လာ၊ ပြင်ဆင်ထားကြရန်မှာကြားလိုကြောင်း။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဘက်လိုက်မှုကင်းရန် အလေးအနက်ထားလိုက်နာကြရန် အထူးမှာကြားလိုကြောင်း၊ မဖြစ်မနေလိုက်နာရန်လိုအပ်သည့် နောက်ဥပဒေတစ်ခုမှာ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေဖြစ်ကြောင်း၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေကို သေချာဖတ်ရှုလေ့လာပြီး နိုင်ငံ့ဝန်ထမ်းတစ်ယောက်အနေနှင့်သာမက နိုင်ငံသားတစ်ယောက်အနေနှင့်ပါ လိုက်နာဆောင်ရွက်ကြရန်မှာကြားလိုကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး တာဝန်ရှိသူများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပြီးသင်တန်းကို ဩဂုတ် ၈ ရက်မှ ၁၉ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်