ရန်ကုန် ဩဂုတ် ၈
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ(မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒေါပုံမြို့နယ်စက်ရုံလမ်းရှိ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)၊ ကတ္တရာကွန်ကရစ်နှင့် ဘိလပ်မြေကွန်ကရစ်စက်သို့ သွားရောက်၍ လူသွားစင်္ကြံလမ်းများခင်းကျင်းရန် လမ်းခင်းကွန်ကရစ် အုတ် Interlock ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကတ္တရာကွန်ကရစ်နှင့် ဘိလပ်မြေကွန်ကရစ်စက်များ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး စက်များကြံ့ခိုင်ကောင်းမွန်စေရေး စစ်ဆေးပြုပြင် ထိန်းသိမ်းသွားရန် မှာကြားသည်။
ထို့နောက် အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းသို့ သွားရောက်၍ ဓာတ်ခွဲခန်းအတွင်း 9400 PSI အထိ စစ်ဆေးစမ်းသပ်နိုင်သည့် ကွန်ကရစ်ခံနိုင်ရည် စမ်းသပ်စက် (Comprehensive Strength Test Machine) များဖြင့် လမ်းခင်းရာတွင် အသုံးပြုသည့် ကွန်ကရစ်အုတ်များကို အရည်အသွေးစစ်ဆေးနေမှုကိုလည်းကောင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နှင့် သာကေတမြို့နယ်များသို့ ဆက်သွယ်ထားသော ဧရာဝဏ်လမ်းမကြီး နဝရတ်လမ်းမှ စစ်တောင်းလမ်းအထိအပိုင်း ကွန်ကရစ် တိုးချဲ့ခင်းကျင်းနေမှုကိုလည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်၊ မင်းဓမ္မလမ်း အောင်သိဒ္ဓိချောင်းသို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ တော်ဝင်လမ်းမှ အောင်သိဒ္ဓိလမ်းအထိ အောင်သိဒ္ဓိချောင်း ချောင်းမြေထိန်းနံရံ တည်ဆောက်နေမှုကို လည်းကောင်း၊ ၉ မိုင် ဆည်မြောင်းချောင်းမှ အောင်သိဒ္ဓိချောင်းသို့ ပြန်လည်စီးဝင်သည့် မင်းဓမ္မလမ်းရေမြောင်းနှင့် အောင်သိဒ္ဓိချောင်း ဆက်လက်စီးဆင်းရာ မင်းဓမ္မလမ်းဖြတ် Box Culvert ရေစီးရေလာ ကောင်းမွန်ရေး ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်