နေပြည်တော် ဩဂုတ် ၈
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရွှေဝက်ဝံတံတားအနီး၌ ဆိုက်ကပ်ထားသော အဏ္ဏဝါရပ်ကွက်နေ ဦးစိုးလွင်ပိုင်ဆိုင်သော ငါးဖမ်းစက်လှေ ၅ စီးအနက်မှ ထက်ထက်ပိုင်-၂၇ အမည်ရှိ ဝါးလတ်ငါးဖမ်းစက်လှေသည် မီးလိုင်းများပြုပြင်စဉ် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှတစ်ဆင့် စတင်မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အနီးရှိ ငါးဖမ်းစက်လှေ ၂ စီး မီးကူးစက်လောင်ကျွမ်းခဲ့သည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့သည့်နေရာသို့ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်စုပေါင်း၍ မီးသတ်ယာဉ် ၈ စီးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နေ့လယ် ၂ နာရီခွဲခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အမျိုးသား ၁ ဦး မီးလောင်သေဆုံးခဲ့ပြီး အမျိုးသား ၄ ဦး မီးလောင်ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့် မီးလောင်ဒဏ်ရာရရှိခဲ့သူများအား ကော့သောင်းမြို့ရှိ ပြည်သူ့ဆေးရုံသို့ပို့ဆောင်၍ လိုအပ်သည့် ဆေးဝါးကုသမှုများခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။