မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝ ဘေးအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ကို တွေ့ရမည်။ အထူးသဖြင့် လက်ရှိ၌ ငလျင်ဘေး၊ ရေကြီးရေလျှံ၊ မြေပြိုမှုအန္တရာယ်များကြောင့် နိုင်ငံအချို့တွင် ထိခိုက်၊ ပျက်စီး၊ သေဆုံးမှုများနှင့် ကြုံတွေ့နေသည်။ မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်၊ ပျက်စီး၊ သေဆုံးမှုများ မရှိသေးသော်လည်း မဖြစ်ခင်က ကြိုတင် ပြင်ဆင်၍ အသင့်ဆောင်ရွက်ထားရမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ကို ဖွဲ့စည်းထားပြီး စတင်ဖွဲ့စည်းဆောင်ရွက်ချိန်မှစ၍ လက်ရှိကာလအထိ ဖြစ်ပေါ်ခဲ့သော သဘာဝဘေးအန္တရာယ် များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက ကဏ္ဍအလိုက် တက်ညီလက်ညီ ဆောင်ရွက်ခဲ့ကြသည်။ သဘာဝဘေးအန္တရာယ်အမျိုးမျိုးသည် အချိန်မရွေး၊ နေရာမရွေး၊ ဘာသာလူမျိုးမရွေး ရင်ဆိုင်ကြုံတွေ့နိုင်သည်ဖြစ်၍ ကြိုတင်ပြင်ဆင်တွက်ဆပြီး အစဉ်အမြဲ အသင့်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်သည်။
“ကမ္ဘာတွင် ပြောင်းလဲဖြစ်ပေါ်လာနေသည့် သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝများကို မျက်ခြည်မပြတ် လေ့လာနေရန် လိုအပ်သကဲ့သို့ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို ရာသီကာလအလိုက်၊ ဒေသအလိုက် ခန့်မှန်းပြီး မိမိတို့တွင်ရှိပြီးဖြစ်သော ရရှိနိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်မည့် အကောင်းဆုံးသော အစီအမံများကို အမြဲတစေ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်လိုအပ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး(၁/၂၀၂၂)တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် လက်ရှိကာလ၌ နေ့စဉ်ရက်ဆက် မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုသဘာဝဘေးများကို သတိပြုရမည့် အချိန်အခါဖြစ်သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်နေ့က တောင်ပေါ်အပန်းဖြေမြို့ ဖြစ်သည့် ပြင်ဦးလွင်မြို့တွင် နှစ်ပေါင်း ၃၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှု ဖြစ်ပေါ်ခဲ့ သည်။ ၈ နာရီခန့် မရပ်မနား မိုးရွာသွန်းခဲ့သဖြင့် မိုးရေချိန် ၁၀ ဒသမ ၄၇ လက်မရှိခဲ့ သည်။ ထိုအခါ ပြင်ဦးလွင်မြို့ကို ဖြတ်သန်းစီးဆင်းသည့် ဂဲလောင်းချောင်း ရေကြီး ရေလျှံဖြစ်ခဲ့ပြီး ပြင်ဦးလွင်မြို့ပေါ် ရပ်ကွက်ကြီး ၂၁ ခုအနက် ရပ်ကွက် ကိုးခုတွင် ရေလွှမ်းမိုးကာ ပြည်သူများ ရေဘေးသင့်ခဲ့သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ငါးနှစ်တာကာလက သဘာဝဘေးအန္တရာယ်များ ကြီးကြီးမားမားဖြစ်ခဲ့ပြီး ယခုကာလတွင် ကြီးကြီးမားမား မဖြစ်သော်လည်း ကြိုတင်ပြင်ဆင် သတိပြုဆောင်ရွက် ထားရမည်ဖြစ်သည်။
သဘာဝဘေးအန္တရာယ်သည် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းရင်းများစွာ ရှိသည့်အနက် သဘာဝအလျောက် ဖြစ်ပေါ်ခြင်းများရှိသကဲ့သို့ လူတို့၏မဆင်မခြင် ဆောင်ရွက်မှုများကြောင့် ဂေဟစနစ်များ ပျက်ယွင်းလာခြင်းများ ဖြစ်ပေါ်နေသည်။ ရွှေ့ပြောင်းတောင်ယာခုတ်ခြင်း၊ သဘာဝသစ်တောများကို အလွန်အကျွံခုတ်ထွင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခြင်း၊ ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ထုတ်လွှတ်သော ယာဉ်စက်ပစ္စည်းများနှင့် စက်မှုလုပ်ငန်းများ များပြားလာခြင်း စသည့်အကြောင်းအမျိုးမျိုးတို့ကြောင့် ကမ္ဘာကြီးမှာ တစ်စတစ်စပူနွေးလာပြီး မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။
သဘာဝဘေးကို မျှော်မှန်းနိုင်ခြင်းမရှိသော်လည်း ကြိုတင်တွက်ဆ ပြင်ဆင် ဆောင်ရွက်ခြင်းဖြင့် အန္တရာယ်ကျရောက်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။ မြန်မာ နိုင်ငံတွင် သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်နိုင်မည့် စွမ်းအားစုများကို အသင့်ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးအတွက် အရေးပါ သည့် ပြည်သူလူထု ပူးပေါင်းပါဝင်လာနိုင်ရေးကို အသိပညာပေး ဆောင်ရွက်ရမည် ဖြစ်သည်။ ထို့အပြင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံချက်ပါအတိုင်း ကြိုတင် ပြင်ဆင်စုဖွဲ့ခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် သဘာဝဘေးဖြစ်ပွားလာပါက အန္တရာယ်ကို ကျော်လွှားနိုင်ရန် စီမံခန့်ခွဲမှုအဖွဲ့များ၊ ပြည်သူလူထု၊ အထောက်အကူပြု ပရဟိတအဖွဲ့များအားလုံး ပူးပေါင်းလက်တွဲ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားရမည် ဖြစ်သည်။
သို့ဖြစ်ရာ သဘာဝဘေးအန္တရာယ်သည် မမျှော်မှန်းနိုင်သောကိစ္စဖြစ်၍ သဘာဝ ဘေးအမျိုးမျိုး မဖြစ်ပွားမီ၊ ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားလုံးကို ရှိသည့်အရင်းအမြစ်များဖြင့် တက်ညီလက်ညီ ကြိုတင်ပြင်ဆင် တုံ့ပြန်ဆောင်ရွက်ထားနိုင်ရန် လိုအပ်ပါကြောင်း။ ။