စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်တွင် စည်ပင်သာယာဈေး၊ ကုန်းဘောင်ဈေး၊ အောင်ဇေယျဈေးနှင့် အခွန်လွတ်ဈေးဟူ၍ ဈေး(၄)ခုရှိပြီး ဈေးတိုင်းတွင် မိုးဦးကျကာလဖြစ်ပြီး မျှစ်ပေါ်ချိန်ဖြစ်၍ ရာသီပေါ်မျှစ်များ ရောင်းချလျက်ရှိပါသည်။ ရွှေဘိုမြို့ စည်ပင်သာယာ ဈေးကြီးအတွင်းတွင် မျှစ်မျိုးစုံ လက်လီ၊ လက်ကား ရောင်းချသည့် ဆိုင်ကြီး (၅)ဆိုင်ရှိပြီး လက်လီရောင်းချသည့်ဆိုင်များစွာ ရှိပါသည်။ မျှစ်ရောင်းချရာတွင် မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ဆေးဆိုးမျှစ်နှင့် မျှစ်ချဉ်များကို အဖူးလိုက်သော်လည်းကောင်း၊ စိတ်၍သော်လည်းကောင်း စားသုံးသူများ ကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ရန် အမျိုးမျိုးပြုလုပ်၍ ရောင်းချကြပါသည်။
အဆိုပါရောင်းချသည့် မျှစ်အမျိုးမျိုးကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့၊ ရွှေဘိုခရိုင်အတွင်းရှိ ကျောက်မြောင်းမြို့၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဘိုးတော်တောကျေးရွာနှင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ ကန့်ဘလူခရိုင်နှင့် ကသာခရိုင်သို့မှာယူ၍ ရောင်းချကြကြောင်း သိရှိရပါသည်။ ရွှေဘိုမြို့သို့ နေ့စဉ်မျှစ်အချိန်ပိဿာ (၁၀၀၀)မှ (၁၅၀၀)ခန့်အထိ ဝင်ရောက်လျက်ရှိပြီး ကျန်ကာလများတွင် မျှစ်ငံ၊ မျှစ်ပြုတ်နှင့် မျှစ်ချဉ်များကို ရောင်းချလျက်ရှိသော်လည်း ယခုအချိန်တွင် မျှစ်ပေါ်သည့် ရာသီချိန်ဖြစ်သောကြောင့် စားသုံးသူများအနေဖြင့် လတ်ဆတ်သည့် မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ဆေးဆိုးမျှစ်နှင့် မျှစ်ချဉ်များကို ပိုမို၍ ဝယ်ယူစားသုံးကြကြောင်း သိရှိရပါသည်။ မျှစ်အမျိုးအစားအလိုက် လက်လီရောင်းချရသည့် ဈေးနှုန်းများမှာ ကျောက်မြောင်းဒေသထွက် မျှစ်စိမ်း တစ်ပိဿာလျှင် (၂၂၀ဝိ/-)၊ ဘိုးတော်တောဒေသထွက် မျှစ်ပြုတ်တစ်ပိဿာလျှင် (၂၂၀ဝိ/-)၊ အထက်မှလာသောမျှစ်စိမ်း၊ ဆေးဆိုးမျှစ်နှင့် မိုးကုတ်ဒေသထွက် မျှစ်စိမ်းတစ်ပိဿာလျှင် (၁၅၀ဝိ/)နှင့် မျှစ်ပြုတ်တစ်ပိဿာလျှင် (၁၆၀ဝိ/-) ပေါက်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)