နေပြည်တော် ဇူလိုင် ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများအား လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဒက္ခိဏသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြောကြား
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နိုင်ငံတော် အစိုးရအနေဖြင့် နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေး ဦးတည်ချက် (၃)ရပ် ချမှတ်ဖော်ဆောင်လျက်ရှိရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ မူဝါဒများ ချမှတ်ဖော်ဆောင်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် မူဝါဒများကို ကျင့်သုံးလိုက်နာ ဆောင်ရွက်နေကြသော စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို ချပြရှင်းလင်း ဆွေးနွေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများကို လုပ်ငန်းရှင်များသို့ တွေ့ဆုံရှင်းလင်းခြင်းဖြစ်ကြောင်း၊ ယခုရှင်းလင်းဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဆိုင်ရာ မူဝါဒများ၊ စက်မှုလုပ်ငန်းဆိုင်ရာ မူဝါဒများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ၊ စီးပွားရေးဝန်းကျင်ကောင်း ဖြစ်ပေါ်စေရေး ဌာနများအလိုက် ဆောင်ရွက်နေသည့် အခြေအနေများကို စီးပွားရေးနှင့် ဆက်စပ်သော အဓိကဌာနငါးခုက လုပ်ငန်းရှင်ကြီးများကို ရှင်းလင်းဆွေးနွေး ပေးကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းထိန်က Agro-Industry လုပ်ငန်းများ ယခုထက်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာစံထွန်းဝေက တိရစ္ဆာန်ထွက်ပစ္စည်း တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လွင်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် စပ်လျဉ်း၍ လည်းကောင်း၊ နေပြည်တော်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဟိန်းဇော်က ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်း ဝန်ဆောင်မှုစနစ် (DICAOnline Solution-DOSO) ၏ သရုပ်ဖော် Video Clip ၊ အီလက်ထရောနစ်ကုမ္ပဏီ မှတ်ပုံတင်စနစ် Myanmar CompanyOnline (MyCO) ၏ Video Clip တို့ကိုပြသခဲ့ပြီး နေပြည်တော် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးနှင့် စီးပွားရေးဝန်းကျင်ကောင်း ဖန်တီးပုံဖော်ရေး ဆောင်ရွက်ချက်များကို လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး မင်းနောင်က နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် လုပ်ငန်းရှင်များကိုယ်စား လုပ်ငန်းရှင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။
သတင်းစဉ်