Skip to main content

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင် စွာကျင်းပပြီးစီး

နေပြည်တော် မတ် ၂၅

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး ၏ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် သင်္ဘောကျင်းများအနက် ရှေးအကျဆုံးနှင့် အကြီးဆုံးဖြစ်သော ဒလသင်္ဘောကျင်းရှိ အဆောက်အအုံများအား သတ်မှတ်စံချိန်စံ ညွှန်းများနှင့်အညီ ရှေးဟောင်းသမိုင်းဝင် ကမ္ဘာ့အမွေအနှစ်သတ်မှတ်နိုင်ရေး ဆောင် ရွက်ပေးရန်နှင့် သမိုင်းတန်ဖိုးကြီးလှသော သင်္ဘောကျင်းတစ်ခုလုံးကို ပြုပြင်မွမ်းမံ ထိန်းသိမ်းကာ ရေကြောင်းသမိုင်းပြတိုက် သို့မဟုတ် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိ မည့် စီမံကိန်းများ ချမှတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍  ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး က ဒလသင်္ဘော ကျင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်လျက်ရှိသည့်အပြင် ဆက်စပ်ဧရိယာများတွင် ဒေသဖွံ့ဖြိုးရေးအတွက် အကျိုးရှိမည့် အစီအစဉ်များကိုပါ ဆက်လက်ဆောင်ရွက်သွားရန် ရှိသည့်အတွက် ဒလသင်္ဘောကျင်းရှိ အဆောက်အအုံ များကို ရှေးဟောင်းသမိုင်းဝင်ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ရန် အစီအစဉ်မရှိပါ ကြောင်း၊ သို့ရာတွင် လက်ရှိဂိုထောင်အဖြစ် အသုံးပြုနေသော ရှေးဟောင်းအဆောက် အဦတွင် Blue Plaque ကပ်ထားနိုင်ရေးနှင့် သင်္ဘောကျင်းအတွင်း ရေကြောင်းသမိုင်း ပြတိုက်အဖြစ် ထားရှိရေးအစီအမံများနှင့် ပတ်သက်၍ Feasibility Study ဆောင် ရွက်မည့်ကုမ္ပဏီအဖွဲ့ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ Yangon Heritage Trust နှင့် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းတိုင်ပင် သွားစေမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးတင်ဝေ ၏ တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့၊ ကလွင်နယ်မြေရှိ တက္ကသိုလ် ရပ်ကွက်နှင့် ပုလဲဒီပါရပ်ကွက်တို့ တွင် နေထိုင်သော ပြည်သူများသည် တရားဝင် အခွန်အခများ ပေးဆောင်နေကြသော် လည်း ရပ်ရွာစည်ပင်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏စီမံကိန်း ရေးဆွဲအကောင်အထည် ဖော်မှုမရှိခြင်း၊ ဘဏ္ဍာငွေလျာထားမှုမရှိခြင်းတို့ ကြောင့် အခက်အခဲဒုက္ခမျိုးစုံ ခံစား နေရပါသဖြင့် မည်သည့်အချိန်တွင် နိုင်ငံတော်ဘဏ္ဍာဖြင့် စီမံကိန်းရေးဆွဲအကောင် အထည် ဖော်ထည့်သွင်း ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးညီထွန်း က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေ ဖြင့် မြိတ်ခရိုင်၊ မြိတ်မြို့၊ ကလွင်နယ်မြေရှိ တက္ကသိုလ်ရပ်ကွက်နှင့် ပုလဲဒီပါရပ်ကွက် တို့တွင် နေထိုင်သော ပြည်သူများ၏ အကျိုးငှာဖွံ့ဖြိုးရေးလုပ်ငန်းများအား ရန်ပုံငွေ ရရှိမှု အပေါ် မူတည်၍ ဦးစားပေးအဆင့်လိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း ဖြေကြားသည်။

ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း ၏ ချင်းပြည်နယ်၊ ပလက်၀ မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း အဆောက်အဦဟောင်းကို ပြန်လည် ပြုပြင်မွမ်းမံပေးရန်နှင့် RCC နှစ်ထပ်ကျောင်းဆောင်အသစ်တစ်ခုကို လာမည့်ဘဏ္ဍာ ရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က အခြေခံပညာဦးစီးဌာန အနေဖြင့် ပလက်၀မြို့၊ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်းတွင်ရှိသည့် ပေ(၃၉၀ × ၃၀)သွပ်မိုး၊ ပျဉ်ကာ (၂)ထပ်ဆောင်(၁)ဆောင် အား ပြင်ဆင်နိုင်ရန်အတွက် လိုအပ်သည့် ရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ပြင်ဆင်ထိန်းသိမ်းရေးစရိတ် (၀၄၀၂) အဆောက်အဦ ရန်ပုံငွေခေါင်းစဉ်အောက်မှ မြို့ နယ်ဦးစားပေး အစီအစဉ်အရ စိစစ်လျာထားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် ပေ(၁၃၀ × ၃၀) RCC (၂)ထပ် ဆောင် (၁)ဆောင်အသစ် ဆောက်လုပ်နိုင် ရန်အတွက် လိုအပ်သည့် ရန်ပုံငွေ ကို ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း တည်ဆောက်ရေးစာရင်းတွင် မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်၍ ထည့်သွင်းလျာထားစီစဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလှဦး ၏ စစ်ကိုင်းတိုင်းဒေသ ကြီး၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ပေါက်ပင်ကျေးရွာ အုပ်စု၊ နဂါးတွင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့် တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မှ အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ပေးရန် သတ်မှတ်သည့်မူသည် အထက်တန်းအဆင့်ပညာသင်ယူနေသည့်ကျောင်း သား၊ ကျောင်းသူ (၂၀၀)နှင့်အထက် ရှိခြင်း သို့မဟုတ် သွားလာရေးခက်ခဲသည့် တောင်တန်း၊ မြစ်၊ ချောင်း၊ ပေါများသည့် ဒေသ သို့မဟုတ် မြေပြန့်ဒေသဖြစ်ပါက အနီးဆုံးအထက်တန်းအဆင့်သင် ကျောင်းနှင့် (၁၀)မိုင် အထက်ကွာဝေးရမည်ဖြစ်ပါကြောင်း။

မုံရွာမြို့နယ်၊ နဂါးတွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ဦးစား ပေးကျောင်း အနေဖြင့် အဆင့်တိုးမြှင့်ပေးရန် စိစစ်ရာ အထက်တန်းအဆင့်ကျောင်းသား ဦးရေ စုစုပေါင်း (၁၃၂) ဦးရှိသည့်အတွက် သတ်မှတ် ဦးရေ (၂၀၀)ကို မပြည့်မီပါကြောင်း၊ အကွာအဝေးသည်လည်း (၁၀)မိုင် ရှိရမည်ဖြစ် သော်လည်း (၃)မိုင်သာ ရှိသည့်အတွက် သတ်မှတ်ချက် (၂)ခုစလုံးနှင့် ကိုက်ညီခြင်း မရှိပါကြောင်း၊ ထို့ကြောင့် ကျောင်းအဆင့်တိုးမြှင့်ပေးရန် ဦးစားပေးစာရင်းတွင် ပါဝင်ခြင်းမရှိပါကြောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဖြစ်သည့်အတွက် အထက်တန်းပညာရပ်များကို ဆက်လက် သင်ယူနိုင်သည့် အခွင့်အလမ်းရှိပါကြောင်း ဖြေကြားသည်။

အလားတူ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ ၏ ပခုက္ကူမြို့တွင် ဖြတ်သန်းစီးဆင်းလျက်ရှိသော ရွှေချောင်းချောင်းကို ရေလမ်းကြောင်း တည်ငြိမ်စေပြီး ရေတိုက်စား၊ ကမ်းပြိုခြင်းမှ ကာကွယ်ရန် အမှတ်(၃)ရပ်ကွက်တွင် ကမ်းထိန်းနံရံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသာဦး က လည်း ကောင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း ၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဆလဲင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တွင် RC နှစ်ထပ် ကျောင်းဆောင်အသစ်ကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ် ၏ ကိုယ်ပိုင် ကျောင်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များ စနစ်တကျ၊ စည်းကမ်းတကျရှိကြောင်း သက်ဆိုင်ရာအဆင့်ဆင့်မှ မည်သို့ကြီးကြပ်တင်ပြကာ မည်သို့သဘောထားမှတ်ချက် အကြောင်းကြားထားကြောင်း သိရှိလိုခြင်း မေးခွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့် ၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လက်ဆက် ကျေးရွာအုပ်စု၊ စိန်ကန့်လန့် ကျေးရွာ အခြေခံပညာမူလတန်းကျောင်း (RTC) ကျောင်းမြေနေရာကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးပြီး (၆၀×၃၀) ပေ RC တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးဝင်းကြိုင် ၏ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်း မြို့နယ်၊ ကျေးနီအခြေခံပညာအထက်တန်းကျောင်း (ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင် ၏ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ ကျောင်းဝင်းခြံ ပတ်လည်အား အုတ်တံတိုင်း ကာရံပေးရန် သို့မဟုတ် လုံခြုံခိုင်မာသော ခြံစည်းရိုးတစ်မျိုးမျိုးကာရံပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လည်းကောင်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ် ၏ မြန်မာ့အား ကစားအဆင့် အတန်း တိုးတက်မြင့်မားရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့ ဆောင်ရွက်နေသည်ကို သိရှိလိုခြင်း မေးခွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာ ဇော်လင်းထွဋ် ၏ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ ခုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးအား ခုတင် (၂၀၀)ဆံ့ ဆေးရုံ အဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်ရှိ သူနာပြုနှီးနွှယ် ကွင်းဆင်းလေ့ ကျင့်သင်တန်း ကျောင်းကြီးကို သူနာပြုသင်တန်း ကျောင်းကြီးအဖြစ် အမည်ပြောင်းလဲ သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ရှိပါကမည်သည့်အချိန်၌ ပြောင်းလဲပေးမည်ကို သိရှိလိုခြင်း မေးခွန်း၊ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း ၏ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှ (၂၃)မိုင်၊ အေးသာယာကျေးရွာတွင် ကျေးလက် ကျန်းမာရေးဌာန(ခွဲ) အား ၂၀၂၀ - ၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်  ၏ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥသာမြို့သစ် အားကစားကွင်းအား တိုင်းအဆင့် အားကစားကွင်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် က ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ဒေါ်လှဌေး (ခေါ်) ဒေါ်အုန်းကြည် က ကျန်းမာရေးမှူး ကောင်စီ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ပြန်လည် ဖတ်ကြားရှင်းလင်းသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က အဆိုပါဥပဒေ ကြမ်းကို တစ်ပိုဒ်ချင်းစီအလိုက် အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု သည်။

ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန် က အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင် ထားသည့်အတိုင်း အမျိုးသားလွှတ်တော် က အတည်ပြုပေးရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ကထောက် ခံသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို  အတည်ပြု ရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘော မတူသူမရှိသည့်အတွက် ကျန်းမာရေးမှူးကောင်စီဥပဒေကြမ်းသည် ပြင်ဆင်ထားသည့်အတိုင်း အတည်ဖြစ် ကြောင်း ကြေညာသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာ မျိုးအောင် က ကြက်ခြေနီ အမှတ်အသား အသုံးပြုခြင်း ဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း ၍ ဥပဒေကြမ်းကော်မတီ ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က အဆိုပါ ဥပဒေကြမ်းကို တစ်ပိုဒ် ချင်းစီအလိုက် အမျိုးသားလွှတ်တော်၏ အဆုံး အဖြတ်ရယူအတည်ပြုသည်။

ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြ လေးစိန် က အဆိုပါ ဥပဒေကြမ်းကို ပြင်ဆင်ထား သည့်အတိုင်း အမျိုးသားလွှတ်တော် က အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင် ကထောက် ခံသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ယင်းအဆိုကို အတည် ပြုရန် အမျိုးသားလွှတ်တော်၏ အဆုံးအဖြတ်ရယူရာ သဘောမတူသူမရှိသည့်အတွက် ကြက်ခြေနီအမှတ်အသားအသုံးပြုခြင်းဆိုင်ရာ ဥပဒေကြမ်းသည် ပြင်ဆင်ထားသည့် အတိုင်း အတည်ဖြစ်ကြောင်း ကြေညာသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင် အုန်း ၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ ရာ ယင်းဓာတ်ဆီနှင့်ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက် စက်ရုံများမှ ပြောင်း၊ ဆန်စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာ များနှင့် ဇီဝဓာတ်ငွေ့၊ဇီ၀မြေဩဇာ အဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကိုလျော့နည်းစေရန် အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်သော အီသနော (ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်  ရာခိုင်နှုန်း အချိုးအဆအား ဓာတ် ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန် ပေးခြင်း (Mandate) ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ်ဆောင်ရွက် သင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်း ကြောင်း အဆိုကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဝင်းဇော် က အဆိုသည် တစ်နိုင်ငံလုံးရှိ အီသနောရော ဓာတ်ဆီ လောင်စာ သုံးစွဲသည့် စက်အမျိုးမျိုးကို အသုံးပြုနေသည့် ပြည်သူများနှင့် ရောင်းဝယ်ဖောက်ကား သူများကို အကျိုးသက်ရောက် စေမည်ဖြစ်ပါကြောင်း၊ ထို့ပြင် အစိုးရ အနေဖြင့် အဆိုကို အကောင်အထည်ဖော်သည့်အခါတွင် လက်ရှိမူဝါဒများ၊ ကျင့်သုံး ဆဲဥပဒေများနှင့်အညီ လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့်ကို အမြန်ဆုံးစီမံချမှတ် ဆောင်ရွက်နိုင်ရေးသည် လက်တွေ့ဖြစ်နိုင် ချေ ရှိ၊ မရှိကို သုံးသပ်ရမည်ဖြစ်ပါ ကြောင်း ဆွေးနွေးသည်။

ထို့နောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် က ပြန်လည်ဖြေရှင်းဆွေးနွေး ရာတွင် အဆိုနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန် ကြီးဌာနအနေဖြင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို အီသနော (ခေါ်) ရေမဲ့အရက်အား သင့်တော် မည့် ရာခိုင်နှုန်းအချိုးအစပ်ဖြစ်သည့် ၅ရာခိုင်နှုန်း နှင့် ၁၀ ရာခိုင်နှုန်းကို ဓာတ်ဆီဖြင့်ရောနှောသုံးရန် လုပ်ပိုင်ခွင့်အမိန့်ကို ၂၀၀၉ ခုနှစ်ကတည်းက ထုတ်ပြန် ဆောင်ရွက်ထားပြီးဖြစ်ခြင်း၊ လက်ရှိအခြေအနေတွင်လည်း နည်းပညာစံချိန်စံညွှန်းနှင့် ကိုက်ညီအောင် ဆောင်ရွက် အဆိုပြုလျှောက်ထားလာမည့် ကိစ္စရပ်တိုင်းအား စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှု ရှိ၊ မရှိ စိစစ်ပြီးနောက် ခွင့်ပြုရန် အခွင့်အလမ်း များ ရှိနေပြီ ဖြစ်ခြင်းတို့ကြောင့် အစိုးရအနေဖြင့် ယင်းလုပ်ပိုင်ခွင့်အမိန့်ကို ထပ်မံထုတ်ပေးရန် လိုအပ်ခြင်းမရှိပါသောကြောင့် အဆိုကို အမျိုးသားလွှတ်တော်က မှတ်တမ်းတင်ပေးနိုင် ပါရန် ရှင်းလင်းတင်ပြအပ်ပါကြောင်း  ပြောကြားသည်။

ယင်းနောက် အဆိုရှင် ဦးမောင်မောင်အုန်းက အဆိုနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၏ အဆုံးအဖြတ်ကိုသာ လက်ခံလိုပါ ကြောင်းပြောကြားသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က အဆိုကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လျှို့ဝှက်စွာ ဆန္ဒပြုသည့် နည်းလမ်းဖြင့် ဆောင်ရွက်ရာ ထောက်ခံမဲ  ၃၆ မဲ၊ ကန့်ကွက်မဲ ၉၄ မဲနှင့် ကြားနေမဲ ၂၆ မဲဖြစ်၍ ကန့်ကွက်မဲများ သဖြင့် ဦးမောင်မောင်အုန်း၏ အဆိုကို အတည်မပြုကြောင်း ကြေညာသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသား လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာတွင် ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီ ၂၇ ရက်မှ မတ် ၂၅ ရက်အထိ အစည်း အဝေးကျင်းပရက် (၁၃)ရက်အတွင်း အမျိုးသားလွှတ်တော်၏ ဆောင်ရွက်ချက်များ အနေဖြင့် မေးခွန်းမေးမြန်းခြင်းကဏ္ဍတွင် လွှတ်တော်ကိုယ်စားလှယ်များက ပြည်သူလူထု ၏ အကျိုးအလို့ ငှာ အမျိုးသားလွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်း (၁၀၅)ခုနှင့် ကြယ်ပွင့် မပြမေးခွန်း (၂၄၄)ခုတို့ကို မေးမြန်းခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ မေးမြန်း သည့် မေးခွန်းများအပေါ် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များက လွှတ်တော် တွင် နှုတ်ဖြင့်ဖြေကြားခြင်း၊ စာဖြင့်ပေးပို့ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

အဆို တင်သွင်းခြင်းကဏ္ဍတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင် အုန်း ၏ မြန်မာနိုင်ငံတွင် နှစ်စဉ် ဓာတ်ဆီတန်ချိန် (၂)သန်းကျော်ကို ပြည်ပမှ တင်သွင်းခဲ့ရာ ယင်းဓာတ်ဆီနှင့်ရောသုံးသည့် အီသနော လောင်စာဆီကို ပြည်တွင်း၊ အရက်ချက် စက်ရုံများမှ ပြောင်း၊ ဆန်စသည့် ကုန်ကြမ်းများကို အခြေခံကာ ထုတ်လုပ်နိုင်ပြီး၊ ဘေးထွက်ပစ္စည်းများမှလည်း တိရစ္ဆာန်အစာများနှင့် ဇီဝဓာတ်ငွေ့၊ ဇီ၀မြေဩဇာ အဖြစ် အသုံးပြုနိုင်ရန်နှင့် ကုန်သွယ်မှုလိုငွေ (Trade deficit) ကိုလျော့နည်း စေရန်အတွက် သဘာဝပတ်ဝန်းကျင်အထောက်အကူပြု၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဖြစ်သော အီသနော (ခေါ်) ရေမဲ့အရက်ကို သင့်တော်မည့်  ရာခိုင်နှုန်း အချိုးအဆအား ဓာတ် ဆီဖြင့် ရောနှောသုံးနိုင်ရန်အတွက် လုပ်ငန်းရှင်များအား လုပ်ပိုင်ခွင့်အမိန့် ထုတ်ပြန် ပေးခြင်း (Mandate) ကို ပြည်ထောင်စုအစိုးရမှ အမြန်ဆုံး စီစဉ်ချမှတ်ဆောင်ရွက် သင့်ပါကြောင်း ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေး ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းဝင်က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း တို့ကို ဆောင်ရွက်ခဲ့ပြီး အဆိုကိုလွှတ်တော်က အတည်မပြုကြောင်း ကြေညာခဲ့ပါကြောင်း။

ဥပဒေကြမ်းတင်သွင်းခြင်းကဏ္ဍအနေဖြင့် အမျိုးသားလွှတ်တော်တွင်စတင် ဆွေးနွေးနိုင်ရန် ပေးပို့ထားသည့် မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်း၊ ကျန်းမာရေးမှူးကောင်စီ ဥပဒေကြမ်းနှင့် ကြက်ခြေနီ အမှတ်အသားအသုံးပြုခြင်းဆိုင် ရာ ဥပဒေကြမ်းတို့ကို လွှတ်တော်သို့ အဆိုတင်သွင်းခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း နှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြည်သူ့လွှတ် တော်သို့ ပေးပို့ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော်မှ စတင်ဆွေးနွေးအတည်ပြုပြီး ပြည်သူ့လွှတ်တော်သို့ပေး ပို့ထားသည့် ဥပဒေကြမ်းများအနက် ယာဉ် အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာ ခဲ့ရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော်တွင် စတင်ဆွေးနွေး အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့ ခဲ့သည့် ဥပဒေကြမ်းများအနက် အမျိုးသားလွှတ်တော် (၁၄)ကြိမ်မြောက်ပုံမှန် အစည်း အဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးပြီး ဥပဒေကြမ်းကော်မတီသို့ ပြန်လည်ကြားနာနိုင်ရန် ပေးပို့ခဲ့သော မြန်မာနိုင်ငံဆေးကောင်စီ ဥပဒေကြမ်းနှင့် တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေကြမ်းတို့ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု ၍ ပြည်သူ့လွှတ်တော်သို့ ပေးပို့ခဲ့ပါ ကြောင်း၊အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို ဥပဒေကြမ်းကော်မတီ က အစီရင်ခံစာ ဖတ်ကြားတင်သွင်းခြင်း၊ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးခြင်းနှင့် အဆုံး အဖြတ်ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပြည်သူ့လွှတ် တော်သို့ ပေးပို့ခဲ့ပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များက တင်သွင်းသည့် ဥပဒေကြမ်းများဖြစ်သည့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း တင်သွင်းသည့် ရှေ့နေ များကောင်စီနှင့် ရှေ့နေလိုက်သူများဆိုင်ရာ ဥပဒေကြမ်း နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ထွေး တင်သွင်းသည့် ၂၀၁၃ခုနှစ်၊ အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘော တူသဖြင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ခဲ့ပါကြောင်း။

နည်းဥပဒေများနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့်အတည် ပြုပြီး ပေးပို့လာသည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက် သည့် နည်းဥပဒေများ၊ အမှုတွဲမိတ္တူကူးခြင်းဆိုင်ရာ နည်းဥပဒေများ၊ အခွန်အယူ ခံခုံအဖွဲ့ နည်းဥပဒေများနှင့် တရားလွှတ်တော် ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ နည်းဥပဒေများကို အမျိုးသား လွှတ်တော်၌ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့ပါကြောင်း၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေ များကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများ၊ အမျိုးသားလွှတ်တော် ရွေးကောက် ပွဲ နည်းဥပဒေများကို ပဥ္စမအကြိမ် ပြင်ဆင်သည့် နည်းဥပဒေများနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများကို ပဥ္စမ အကြိမ် ပြင်ဆင်သည့် နည်းဥပဒေများကို အမျိုးသားလွှတ်တော်၌ လွှတ်တော်ကိုယ် စားလှယ်များက ဆွေးနွေးပြီး ပြန်လည်ကြားနာနိုင်ရန် ဥပဒေကြမ်း ကော်မတီသို့ပေးပို့ ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ကော်မတီများ၏ လွှတ်တော် အစည်းအဝေးကာလအတွင်း ဆောင်ရွက်ခဲ့သည့် ကော်မတီအစည်းအဝေးများအနေဖြင့် ဥပဒေကြမ်းကော်မတီ (၁၃)ကြိမ်၊ ပြည်သူ့ငွေစာရင်းကော်မတီ(၃)ကြိမ်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ(၉)ကြိမ်၊ နိုင်ငံ တကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (၃)ကြိမ်၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ (၁)ကြိမ်၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (၆) ကြိမ်၊ တိုင်းရင်းသားရေးရာကော်မတီ (၂)ကြိမ်၊ တောင်သူလယ်သမားရေးရာကော် မတီ(၆)ကြိမ်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ (၆)ကြိမ်၊ ပညာရေး မြှင့်တင်မှု ကော်မတီ (၉)ကြိမ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ(၉)ကြိမ်၊ နိုင်ငံသား များ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ ကော်မတီ(၄)ကြိမ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာကော်မတီ (၈)ကြိမ်၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ (၄)ကြိမ်၊ စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ (၅)ကြိမ်၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီ(၁၀)ကြိမ် စုစုပေါင်းကော်မတီအစည်းအဝေး (၉၈)ကြိမ် ပြုလုပ်ခဲ့ပါကြောင်း။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ စွမ်းရည်မြင့်မားစေရန် ရည်ရွယ်၍ အပြန်အလှန်ဆွေးနွေးပွဲများ (Debate)ကို (၂)ကြိမ် ပြုလုပ်ခဲ့ပြီး လွှတ်တော်ကိုယ်စား လှယ်များက ဆွေးနွေးခဲ့ပါကြောင်း၊ သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအတွက် ဒုတိယ အကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ် မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း စာတမ်းတို (၇)စောင်ထုတ်ဝေခဲ့ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် (၂၁)ဦးကသိရှိ လိုသည့် သတင်းအချက်အလက်မေးမြန်းမှု (၂၈)ခုအနက် (၁၄)ချက်ကိုရှာဖွေပေးခဲ့ပြီး ဖြစ်သည်ကို လွှတ်တော်ကိုယ်စားလှယ်များ ကို အသိပေးပါကြောင်း။

လွှတ်တော်ကိုယ်စားလှယ်များအားလုံး မိမိတို့သက်ဆိုင်ရာဒေသအသီးသီးသို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ပြန်လည် ရောက်ရှိကြပြီး မိမိတို့၏ မဲဆန္ဒ ရှင် ပြည်သူများအကျိုး၊ ဒေသ၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို ဆတက်ထမ်းပိုးထမ်း ဆောင်နိုင်ကြပါဟု ဆုမွန်ကောင်းတောင်းအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ က ဒုတိယအကြိမ် အမျိုးသားလွှတ် တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင် စွာကျင်းပပြီးစီးကြောင်း ကြေညာသည်။

အောင်ရဲသွင်