Skip to main content

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၂) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် မတ် ၂၃

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင်  ဒလမဲဆန္ဒနယ်မှ ဒေါက်တာစိန်မြအေး၏ အစိုးရဝန်ထမ်း မဟုတ်သော ပြင်ပသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား  သက်ဆိုင်ရာဘာသာရပ် တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက် သင်ကြားပေးရန်အတွက် မည်သည့်ပညာသင်နှစ်တွင် စတင်သင်ကြားပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင် သင်ကြားပေးမည်ကို သိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွား ဘက်ဆိုင်ရာဆရာဝန်များအား သွားဘက်ဆိုင်ရာ ဆေးပညာမဟာဘွဲ့ ဆက်လက်သင် ကြားခွင့်ပြုရန်ကိစ္စကို ၂၀၂၁ ပညာသင်နှစ်တွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့တွင်  ၂၀၂၁ ပညာသင်နှစ်  MDSC General သင်တန်းများ ပြန်လည်ဖွင့်လှစ် ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအား ၂၀၂၁ ပညာသင်နှစ်တွင် အဆိုပါ MDSC General သင်တန်းသို့ တက်ရောက်ခွင့်ပြုသွား မည်ဖြစ်ပါကြောင်း။

နိုင်ငံ့ဝန်ထမ်းမဟုတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအတွက် အထွေထွေသွားရောဂါ ကုဆေးပညာ ဒီပလိုမာသင်တန်းအောင်မြင်ပြီး နှစ်နှစ်ပြည့်ပြီးသူများကိုသာ ဝင်ခွင့်ဖြေဆို ခွင့်ပြုသွားမည်ဖြစ်ပါကြောင်း၊ သင်တန်းကြေးအား ညှိနှိုင်းဆဲဖြစ်ပြီး ၂၀၂ဝပြည့်နှစ် မတ်လတွင် ကျင်းပမည့် ဘွဲ့လွန်ဆေးပညာသင်ကြားရေးဘွဲ့ အစည်းအဝေးတွင် ဝင်ခွင့်အရည်အချင်း သတ်မှတ်ချက်များနှင့် သင်တန်းကြေးများအား အတည်ပြုကာ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ဘွဲ့လွန်သင်တန်းများ ဝင်ခွင့်လျှောက်လွှာ ခေါ်ယူသည့်အခါတွင် ထည့်သွင်းခေါ်ယူ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။

ကော့သောင်းမဲဆန္ဒနယ်မှ ဦးခင်ဇော်၏ ကော့သောင်းမြို့နယ်အတွင်းရှိ စာသင် ကျောင်းများတွင် လစ်လပ်လျက်ရှိသော ဆရာ၊ ဆရာမ များကို ဖြည့်စွက်ခန့်ထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အခြေခံပညာဦးစီးဌာနအနေဖြင့် ကော့သောင်းမြို့နယ် အတွင်းရှိသည့် အခြေခံပညာကျောင်း များတွင် လစ်လပ်လျက်ရှိသည့် ဆရာ၊ ဆရာမများကို ဖြည့်စွက်ခန့်ထားပေး နိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၉ ရက်တွင် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများသို့ အပြောင်းအရွှေ့လျှောက်လွှာများခေါ်ယူရန် ပေးပို့ထားပြီဖြစ်ပြီး သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံး များမှလည်း လျှောက်လွှာများကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂ဝပြည့်နှစ် မေလတွင် ကော့သောင်းမြို့နယ် အတွင်းတွင်ရှိ ဝေးလံသည့်ဒေသများတွင် ဒေသခံ ဆရာ၊ ဆရာမများ၊ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပြဆရာ၊ ဆရာမများကို ဖြည့်ဆည်းခန့်ထားပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။

မင်းလှ မဲဆန္ဒနယ်မှ ဦးကျော်ကြီး(ခ) ဦးအုန်းခင်၏ မင်းလှမြို့နယ်ရှိ ရဲဝန်ထမ်း များနေထိုင်သော ဟောင်းနွမ်းအိမ်ရာအဆောက်အဦများအားဖျက်သိမ်း၍ အိမ်ရာအသစ် ဆောက်လုပ်ပေးရန်နှင့် အသုံးပြုရန်မသင့်လျော်သော မော်တော်ယာဉ် (၂)စီး အား အသစ်လဲလှယ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက သရက်ခရိုင်၊ မင်းလှမြို့မရဲစခန်းအတွက်  လိုအပ်လျက်ရှိသည့် ၆ ခန်းတွဲ ၂ ထပ် ၂ လုံးနှင့် လူ ၃၀ ဦးဆံ့လူပျိုဆောင် ၁ လုံးတို့အား ဆောက်လုပ်ခွင့်ရရှိရေးအတွက် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း (မူလ)အသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့တွင် မော်တော်ယာဉ်အသစ်များ ထပ်မံရရှိလာပါက မြို့နယ်ရဲတပ်ဖွဲ့သို့ မော်တော်ယာဉ် ၁ စီး ထပ်မံထုတ်ပေးသွားမည်ဖြစ်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှ လက်ရှိ မော်တော်ယာဉ်အား မင်းလှမြို့မရဲစခန်းသို့ လွှဲပြောင်းထုတ်ပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြား သည်။

ဆက်လက်၍ စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၏ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ တည်ဆောက်ရာ၌ ဌာနဆိုင်ရာအဆောက်အဦများ နေရာချထားရာတွင် အုပ်ချုပ်ရေးမှူး ရုံးဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေးအတွက် မြေဧရိယာ (၁၂၀ပေ×၁၂၀ပေ)အား ခွဲဝေ၊ ခွင့်ပြုချထားပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်းနှင့် ပုဏ္ဏားကျွန်း မဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေး လက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့်မြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်ကလည်းကောင်း၊   မိုင်းပျဉ်းမဲဆန္ဒနယ်မှ ဦးစိုင်းထွန်းစိန်၏ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ထက်)လားဟူရွာ၊ ကျေးရွာအမက(ခွဲ) အဆောက် အဦဟောင်းအား ဖျက်သိမ်း၍ အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ ၂၀၁၃ ခုနှစ် မတ်လ(၁၇)ရက်နေ့ နိုင်ငံပိုင်ကြေးမုံ သတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်းစာပေးစာယူ သင်တန်းတက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ ယှဉ်ပြိုင်ဖြေဆိုအောင်မြင်ခဲ့ပြီးသော အထွေထွေလုပ်သားများကို သတင်းစာပါ အလုပ်ခေါ်စာ ကတိကဝတ်အတိုင်း မူလတန်းစာပေးစာယူ သင်တန်းခေါ်ယူရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက လည်းကောင်း၊ ဥတ္တသီရိ မဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်၏ ဥတ္တရသီရိမြို့နယ် မြေနေရာ ရှိပြီးသော မင်းကုန်းအုပ်စုတွင် မီးသတ်ကားထားရှိပြီး ရုံးခွဲဖွင့်လှစ်ပေးရန်၊ တောင်ညိုအုပ်စု၊ ရွှေနံ့ သာရပ်ကွက်နှင့် မောင်းရမ်းအုပ်စုများတွင် မီးသတ်ကား ထားရှိနိုင်ရေး ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ သိန္နီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏  သိန္နီမြို့နယ်၊ မြို့နယ်ရဲစခန်း စခန်းအတွက် ၂၀၂၀ - ၂၀၂၁ စီမံကိန်းတွင် မြို့နယ်ရုံးတစ်ထပ် ဆောင်ဆောက်လုပ်ခြင်း၊  အချုပ်ခန်းတစ်လုံး ဆောက်လုပ်ခြင်းနှင့်  လူနေအိမ်လိုင်းခန်း ဆောက်လုပ်ခြင်းတို့ကို  ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် မိုင်းယန်း မဲဆန္ဒနယ်မှ ဦးစိုင်းဆမ်၏ မိုင်းယန်းမြို့နယ်၊ ရဲတပ်ဖွဲ့မှူးရုံးတွင် လိုအပ်နေသော ရဲစခန်း(အချုပ်ခန်းပါ) (၉၀×၃၀×၁၂)ပေ သံကူကွန်ကရစ် (၁)လုံး၊ မြို့နယ် ရဲစခန်းတပ်ဖွဲ့ရုံး (၄၀×၃၂×၁၂)ပေ  Steel Structure  (၁)ထပ် တစ်လုံး၊ (၆)ခန်းတွဲ ၂ ထပ် (၁၂၆ ပေ× ၃၅ပေ×၆ လက်မ)+ ၂×၂(၂၀×၂၀)ပေ သံကူကွန်ကရစ် တစ်လုံးတို့အား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းတို့နှင့် စပ်လျဉ်း၍  ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက လည်းကောင်း ရှင်းလင်းဖြေကြားကြသည်။

ထို့နောက် အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော တိရစ္ဆာန် ကျန်းမာရေး နှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဥပဒေကြမ်း နှင့်စပ်လျဉ်း၍  ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်၏ ပြင်ဆင်အတည်ပြုချက် ၂၆ ချက်၊ ပြည်သူ့ လွှတ်တော် ဥပဒေကြမ်းကော်မတီက ထပ်မံပြင်ဆင်ရန် တင်ပြချက် ၁၇ ချက်နှင့် အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘော မတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည် ပြုချက်အတိုင်း ထားရှိသင့်သည့် အချက် ၁၈ ချက် တို့ကိုတင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ သဘောထားရယူပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူ အတည်ပြုသည်။

ယင်းနောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သဘောကွဲလွဲသည့် အချက်  ၃၅ ချက်တို့ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြသင့်ကြောင်း  အဆိုတင်သွင်းသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တင်ပြခဲ့သည့် ၃၅ ချက်နှင့် စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အမျိုးသားစာကြည့်တိုက် ဥပဒေကြမ်းကို  လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဦးမျိုးနိုင်က ဖတ်ကြားတင်ပြပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင် ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ ကို မတ် ၂၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးသန့်(သတင်းစဉ်)