မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားဖွံ့ဖြိုးရေးတွင် နယ်စပ်ကုန်သွယ်ရေးကို အားထားနေရပေသည်။ နယ်စပ်ကုန်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် နယ်စပ်ဒေသများ အထူးသဖြင့် ကုန်သွယ်မှုလမ်းကြောင်းတစ်လျှောက်ရှိဒေသများ တည်ငြိမ်အေးချမ်းမှသာလျှင် တရားမဝင်ကုန်သွယ်မှုပပျောက်ရေးကို စနစ်တကျကိုင်တွယ် ဆောင်ရွက်နိုင်ပြီး တရားဝင်ကုန်သွယ်ရေးကို ထိထိရောက်ရောက် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှု ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများစွာရှိသည့်အနက် အခွန်ရှောင်လွှဲလိုသည့် ရည်ရွယ်ချက်ဖြင့် တရားမဝင်ကုန်သွယ်ရေးကို ပြုလုပ်ခြင်း၊ ခွင့်မပြုသော တားမြစ်ကုန်ပစ္စည်းများ၊ ကန့်သတ်ကုန်ပစ္စည်းများကို တရားမဝင်ကုန်သွယ်ခြင်းတို့ကို ပြုလုပ်ကြသည်။ မြန်မာနိုင်ငံ၏ ကျယ်ပြန့် ရှည်လျားသော နယ်စပ်တစ်လျှောက်တွင် တရားဝင်နယ်စပ်ကုန်သွယ်ရေးကိုရှောင်လွှဲ၍ တရားမဝင်ကုန်သွယ်ကြသည်။ တရားမဝင်ကုန်သွယ်မှုကိုတိုက်ဖျက်ရာတွင် နယ်စပ်ဒေသဝင်ပေါက်များမှ သယ်ဆောင်မှုများ၊ သိုလှောင်မှုများကို ဖမ်းဆီးအရေးယူမှုများအပြင် စီးပွားရေးလုပ်ငန်းရှင်များ၊ ကုန်သည်များနှင့်လည်း ဆွေးနွေးညှိနှိုင်းကြရမည်ဖြစ်သည်။
ပြည်တွင်းမှ လုပ်ငန်းရှင်များအနေဖြင့် မိမိကိုယ်ကျိုးစီးပွားတစ်ခုတည်းကိုမကြည့်ဘဲ နိုင်ငံနှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထည့်သွင်းတွက်ချက်၍ ကုန်သွယ်မှုပြုကြမှသာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ပြည်တွင်းမှကုန်သည်များ လွတ်လပ်လွယ်ကူစွာ ကုန်သွယ်မှုပြုနိုင်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကုန်သွယ်မှုနှင့်သက်ဆိုင်သည့် ဖြေလျှော့မှုများကို ပြုလုပ်ပေးနေပြီး သွင်းကုန်/ထုတ်ကုန် တိုးတက် ဆောင်ရွက်နိုင်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိသည်။
တရားမဝင်ကုန်သွယ်မှု ပပျောက်မှသာ ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်ပြီး ကုန်သွယ်မှုပိုငွေများ တိုးတက်ရရှိကာ နိုင်ငံတော်ဘဏ္ဍာငွေများ တိုးတက်ရရှိမည် ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုပပျောက်ရေးအတွက် နိုင်ငံတော်အစိုးရ တစ်ရပ်တည်းကသာ တာဝန်ယူလုပ်ဆောင်၍ ရနိုင်မည်မဟုတ်ဘဲ ကုန်သည်များ၊ လုပ်ငန်းရှင်များ၊ ပြည်သူများပါ ပူးပေါင်းဆောင်ရွက်သင့်သည်။ မတော်လောဘ စီးပွားရေးသမားများသည် မိမိအကျိုးစီးပွားတစ်ခုတည်းကိုသာ ဦးစားပေး ဆောင်ရွက်နေသဖြင့် တရားမဝင်လုပ်ငန်းများ ဆက်လက်ရှိနေခြင်းဖြစ်သည်။
ဈေးကွက်စီးပွားရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးတက်မြင့်မားစေရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံတွင် သွင်းကုန်၊ ထုတ်ကုန် လုပ်ငန်းများကို ပိုမိုလုပ်ကိုင်နိုင်ရန် အစိုးရကလုပ်ငန်းစဉ်များအား ဖြေလျှော့မှုများနှင့်အတူ လမ်းကြောင်းများစွာကိုဖွင့်ပေးခဲ့ရာ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကုန်သွယ်ရေးလုပ်ငန်းများ လျင်မြန်စွာကြီးထွားလာသည်။ မြန်မာနိုင်ငံတွင် ရေကြောင်း၊ လေကြောင်းဖြင့် နိုင်ငံတကာကုန်ပစ္စည်းများအား ကုန်သွယ်ကြပြီး နယ်နိမိတ်ဆက်စပ်လျက်ရှိသည့် အိမ်နီးချင်းနိုင်ငံများနှင့်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ဇုန်များမှတစ်ဆင့် ကုန်သွယ်ကူးသန်းရောင်းဝယ်ကြသည်။
မြန်မာနိုင်ငံတွင် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုရှိပြီး တရုတ်နိုင်ငံ နယ်စပ်တွင် စခန်းလေးခု၊ ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက်တွင် စခန်းရှစ်ခု၊ အိန္ဒိယနိုင်ငံ နယ်စပ်တွင် စခန်းနှစ်ခု၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် စခန်းနှစ်ခု အသီးသီးရှိသည်။ ထိုနယ်စပ်ကုန်သွယ်ရေးစခန်းများတွင် သွင်းကုန်၊ ထုတ်ကုန်လုပ်ငန်းလိုင်စင် အမျိုးမျိုးဖြင့် ကုန်သွယ်ကြပြီး တစ်နိုင်တစ်ပိုင် ကုန်သွယ်ကူးသန်းရောင်းဝယ်နိုင် ရန်အတွက်လည်း ခွင့်ပြုချက်များဖြင့် သတ်မှတ်ချက်အတိုင်း ကုန်သွယ်နိုင်ပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၌ တရားမဝင်ကုန်သွယ်မှုရှိနေခြင်းသည် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားဖြစ်စေသည်။ တရားမဝင်ကုန်သွယ်မှုကဏ္ဍ အင်အားကြီးနေသမျှ တရားဝင်လုပ်ကိုင်သောလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေသည်။ အထူးသဖြင့် နယ်စပ်ကုန်သွယ်မှုပမာဏလျော့ကျခြင်းမှာလည်း တရားမဝင် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများ၏ ကုန်သွယ်မှုကိန်းဂဏန်းများကို လေ့လာကြည့်လျှင် တရားမဝင် ကုန်သွယ်မှုများမှာ များစွာကွာဟမှုများရှိနေကြောင်း သိရှိရသည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုကို ထိထိရောက်ရောက် ဝိုင်းဝန်းတိုက်ဖျက်ကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ ကုန်သွယ်မှုလမ်းကြောင်းများတွင် တရားမဝင်ကုန်သွယ်မှုကို ရနိုင်သမျှနည်းလမ်းများဖြင့် တားဆီးထိန်းချုပ် သွားရမည်ဖြစ်သည်။ အခက်အခဲများကြားမှ လက်ရှိကာလ တားဆီးထိန်းချုပ်မှုများကို အသိအမှတ်ပြုရမည်ဖြစ်ပြီး ဆက်လက်၍လည်း နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရားမဝင်ကုန်သွယ်မှုကို သက်ဆိုင်ရာအဖွဲ့အစည်းများ ပေါင်းစပ်ညှိနှိုင်း၍ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်သွားရန် တိုက်တွန်းအပ်ပါကြောင်း။ ။