နေပြည်တော် ဇွန် ၂၉
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း (JICA, Two Step Loan) ဦးဆောင်ကော်မတီအစည်းအဝေး (၂၂/၂၀၂၂)ကို ယမန်နေ့မွန်းလွဲပိုင်းက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စီမံကိန်းဦးဆောင်ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေစီမံကိန်းကို ၂၀၁၇ ခုနှစ် ဇူလိုင်လတွင်စတင်ခဲ့ပြီး ယခုအချိန်အထိ မြို့နယ်ပေါင်း ၁၈၇ မြို့နယ်မှ တောင်သူ ၅၅၇၆ ဦးသို့ ချေးငွေကျပ် ၂၂၉ ဒသမ ၉၇၉ ဘီလီယံ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း၊ တောင်သူများမှ အရစ်ကျပြန်ဆပ်လာသည့်ငွေများကို ချေးငွေရယူ လိုသည့် တောင်သူအသစ်များသို့ စဉ်ဆက်မပြတ် ထုတ်ချေးလျက်ရှိကြောင်း၊ ချေးငွေများ စဉ်ဆက်မပြတ် ထုတ်ချေးနိုင်ရန် ကြွေးကျန်များမဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ လယ်ယာသုံးစက်ကိရိယာများအပြင် ချေးငွေအမယ်သစ်များ ထုတ်ချေးပေးနိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ချေးငွေထုတ်ချေးပြီးစီးမှုနှင့် ဆက်လက်ထုတ်ချေးမည့် အခြေအနေ၊ JICA, Two Step Loan NPL ကျဆင်းရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေနှင့် လယ်ယာသုံးစက်ပစ္စည်းကုမ္ပဏီများ၏ တင်ပြချက်များကို ဆွေးနွေးတင်ပြကြသည်။
အစည်းအဝေးသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့မှ ဦးဆောင်ကော်မတီဝင်များ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်