Skip to main content

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ဂုဏ်ဒြပ်မြင့်မားရေး ကြိုးပမ်း

မြန်မာနိုင်ငံတွင် မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းနေသည့် တောင်ကုန်း တောင်တန်းများနှင့် မြစ်ကြီးလေးသွယ် တည်ထွန်းနေမှု ပထဝီဝင်ဘူမိသက်တမ်းအနေအထားအရ မြန်မာနိုင်ငံသည် ကမ္ဘာကြီးဖြစ်တည်ပြီးနောက် ရှေးနှစ်ပေါင်း နှစ်သန်းချီကာလကတည်းက အခိုင်အမာတည်ရှိနေသည်ကို လေ့လာတွေ့ရှိထားကြသည်။ ပထဝီအနေအထားတည်ရှိမှုနှင့်အတူ သက်ရှိလူသားများနှင့် ယဉ်ကျေးမှုအဆင့်အတန်း အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည့် အထောက်အထားများ တွေ့ရှိထားသည်။

သမိုင်းမတင်မီကာလမှစတင်၍ မြန်မာနိုင်ငံတွင် ယဉ်ကျေးမှုများ အဆက်မပြတ် ဖြစ်ပေါ်တိုးတက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု အဆင့်ဆင့်တိုးတက်ဖြစ်ပေါ်မှုတွင် အခြားနိုင်ငံဒေသများထက် ပို၍ထူးခြားသည်မှာ မြန်မာ့မြေပေါ်တွင် လူမျိုးနွယ်အစ အဆင့်မြင့်ပရိုင်းမိတ်များ ပေါ်ပေါက်ကျက်စားခဲ့သည့် ရုပ်ကြွင်းအထောက်အထားများ တွေ့ရှိရခြင်းဖြစ်သည်။ တောတောင်ရေမြေ သဘာဝသယံဇာတပေါများကြွယ်ဝသည့် မြန်မာ့မြေတွင် ရှေးဦးလူသားတို့နေထိုင်ခဲ့ကြကြောင်းကို တူးဖော်တွေ့ရှိခဲ့သော ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် ယဉ်ကျေးမှုဆိုင်ရာအထောက်အထားများက အထင်အရှားသက်သေထူလျက်ရှိသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးတွင် တိုင်းရင်းသားလူမျိုးများသည် တကောင်း၊ ဗိဿနိုး၊ သရေခေတ္တရာ၊ ဟန်လင်း၊ ဝေသာလီ၊ သုဝဏ္ဏဘူမိ စသည့်မြို့ပြနိုင်ငံများ တည်ထောင်ခဲ့ကြသည်။ မြို့ပြနိုင်ငံများခေတ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ရှေးနှစ်ပေါင်းရာပေါင်းများစွာကတည်းကပင် ကိုယ့်နိုင်ငံ၊ ကိုယ့်ယဉ်ကျေးမှု၊ ကိုယ့်မင်းကိုယ့်ချင်းနှင့် နေနိုင်ခဲ့သူများဖြစ်ကြောင်း ထင်ရှားပေါ်လွင်စေပါသည်။ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားစွာတည်ထွန်းခဲ့သော ရှေးဟောင်း မြို့ပြယဉ်ကျေးမှုအမွေအနှစ်များ မပျောက်မပျက်တည်ရှိပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သဖြင့် ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် အသိအမှတ်ပြုခံခဲ့ရပါသည်။

မြန်မာနိုင်ငံတွင် အသိအမှတ်ပြုခံထားရသည့် ရှေးဟောင်းမြို့ပြယဉ်ကျေးမှု အမွေအနှစ်များသာမက သမိုင်းမတင်မီကာလ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်ယဉ်ကျေးမှုအမွေအနှစ်များကိုလည်း အစောပိုင်းကာလကတည်းက မြန်မာနိုင်ငံမှ ဘူမိဗေဒပညာရှင်များက ရှာဖွေတွေ့ရှိထားပြီးဖြစ်သည်။ ယခုအခါ မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပရိုင်းမိတ်ကာလ သမိုင်းစဉ်ဆွေးနွေးပွဲကို ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ကျင်းပလျက်ရှိရာ ပရိုင်းမိတ်ကာလသမိုင်းစဉ်(မူကြမ်း)ကို မြန်မာသမိုင်းအဖွဲ့မှ သမိုင်းပညာရှင်ကြီးများနှင့် ပရိုင်းမိတ်ပညာရှင်များက ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်း အထောက်အထားများ၊ သုတေသနပြုတွေ့ရှိချက်များနှင့် ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတွေ့ရှိချက်များ၊ သက်တမ်းတွေ့ရှိချက်များကို ဆွေးနွေးနေကြသည်။

မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ်ကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မြန်မာ့သမိုင်းအဖွဲ့က ရေးသားပြုစုလျက်ရှိရာ ပရိုင်းမိတ်ကာလသမိုင်းစဉ်၊ ကျောက်ခေတ်ကာလသမိုင်းစဉ်၊ ကြေးခေတ်၊ သံခေတ်ကာလသမိုင်းစဉ် သမိုင်းတင်ခေတ်ဦးပိုင်း ပျူခေတ်ကာလ သမိုင်းစဉ်တို့နှင့်ပတ်သက်၍ မူကြမ်းပြုစုရေးသားထားပြီးဖြစ်သည်။ ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်သုတေသနပြုတွေ့ရှိချက်များ၊ ခေတ်မီသိပ္ပံနည်းကျ သက်တမ်းတွက်ချက်မှုများ၊ ပြည်တွင်း/ပြည်ပ ပညာရှင်များ၏ သုတေသနပြု ဖော်ထုတ်တွေ့ရှိချက်များကို ပေါင်းစပ်ဖြည့်စွက်၍ ခိုင်မာသောသမိုင်းစဉ်ကို ပြည့်ပြည့်စုံစုံရေးသားနိုင်ရန် ပရိုင်းမိတ်ကာလသမိုင်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲကို ပြုလုပ်နေခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပညာရှင်အသီးသီးတို့က မြန်မာနိုင်ငံတွင် တွေ့ရှိခဲ့ရသည့် သက်နှောင်းကပ်သက်တမ်းရှိ ပုံတောင်ကျောက်လွှာစုမှ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများ၊ အထောက်အထားများ၊ မြန်မာနိုင်ငံ၌တွေ့ရှိရသော ပရိုင်းမိတ်အမျိုးအစား မျိုးစုမျိုးစိတ်ရှစ်မျိုး၊ အဆင့်နိမ့်မျိုးစိတ်နှစ်မျိုးနှင့် နောက်တွေ့ပရိုင်းမိတ်အထောက်အထားများ၊ ဧရာဝတီကျောက်လွှာစုမှ ပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်းများ၊ အထောက်အထားများ၊ မြန်မာနိုင်ငံတွင် ဒိုင်နိုဆောကျောက်ဖြစ် ရုပ်ကြွင်းတွေ့ရှိနိုင်မှု အနေအထားများ၊ ပထဝီအနေအထားကုန်းမြေချပ်များ ပြောင်းလဲလာပုံနှင့် လွန်ခဲ့သောနှစ်သန်းပေါင်း ၆၄ သန်းက မြန်မာနိုင်ငံသည် ကမ္ဘာ့တောင်ဘက်ခြမ်းတွင်တည်ရှိခဲ့ပြီး ကျောက်လွှာနှစ်ချပ်ပွတ်တိုက်ခြင်းဖြင့် ယနေ့ခေတ် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် တည်ရှိလာပုံအကြောင်းတို့ကို ဆွေးနွေးတင်ပြကြရာ မြန်မာနိုင်ငံ၏ စိတ်ဝင်စားဖွယ်အရာများနှင့် သမိုင်းဂုဏ်ရောင်ထွန်း ပြောင်နိုင်စေရန် ကြိုးပမ်းအားထုတ်မှုများအဖြစ် အသိအမှတ်ပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ် သုတေသနပြု ဆန်းစစ်တွေ့ရှိချက်များသည် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားသော မြန်မာနိုင်ငံ၏သမိုင်းဂုဏ်ရောင်ကို ထွန်းလင်းတောက်ပြောင်အောင် မြှင့်တင်ပေးခြင်း၊ အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးခြင်းဖြစ်၍ သမိုင်းမတင်မီကာလ၊ သမိုင်းတင်ကာလ၊ သမိုင်းတင်ပြီးကာလ ယဉ်ကျေးမှုအမွေအနှစ်များ ကြိုးပမ်းထုတ်ဖော်ခြင်းများကို ကြိုဆိုလိုက်ရပါကြောင်း။     ။

ကြေးမုံ,အယ်ဒီတာ့အာဘော်