Skip to main content

စိမ်းလန်းသာယာသည့်နိုင်ငံဖန်တီး

မြန်မာနိုင်ငံသည် ရှေးအခါကာလက သစ်တောသစ်ပင်များဖြင့် စိမ်းလန်းသာယာလှပသည့် နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သစ်တောသယံဇာတ ပေါများကြွယ်ဝလှသဖြင့် နိုင်ငံတစ်ဝန်းတွင် သစ်တောများဖုံးလွှမ်းလျက်ရှိသည်။ ၂၀၀၀ ပြည့်နှစ်တွင် သစ်တောဖုံးလွှမ်းမှု ၅၂ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ်တွင် ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းရှိသဖြင့် နိုင်ငံ၏ သစ်တောဖုံးလွှမ်းမှု လျော့နည်းလာသည်ကို တွေ့ရမည်။

သစ်တောပြုန်းတီးမှုသည် မြန်မာတစ်နိုင်ငံတည်းဖြစ်နေခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကြုံတွေ့နေရသည်။ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)၏ မှတ်တမ်းအရ ကမ္ဘာပေါ်တွင် ၁၇ ရာစုနှင့် ၁၈ ရာစုနှစ်များက သစ်တောဧရိယာ ၆ ဒသမ ၂၁ ဘီလီယံဟက်တာခန့် ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် ၃ ဒသမ ၈၇ ဘီလီယံ ဟက်တာခန့်သာ ကျန်ရှိတော့သည်ဟု သိရသည်။ ရာစုနှစ်နှစ်ခုကျော်ကြာသည့်ကာလတွင် ကမ္ဘာ့သစ်တော ဖုံးလွှမ်းမှုသည် တစ်ဝက်နီးပါးလျော့ကျသွားခဲ့သည်။ အရှေ့တောင်အာရှတွင် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း သစ်တောဧရိယာ ဟက်တာ ၉ ဒသမ ၄ သန်းခန့်ပြုန်းတီးခဲ့သည်ဟု ဆိုထားသည်။

သစ်တောပြုန်းတီးမှုဖြစ်စဉ်များကို လေ့လာကြည့်လျှင် သစ်တောများကို စည်းမဲ့ကမ်းမဲ့ အလွန်အကျွံ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ စိုက်ပျိုးခြင်း၊ ထင်းနှင့်မီးသွေးလောင်စာများ အလွန်အကျွံထုတ်လုပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ မြို့ပြနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးမြေများနှင့် စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ခြင်းများကြောင့် သစ်တောမြေများမှ အခြားမြေအသုံးချမှုကို ပြောင်းလဲခြင်းဖြစ်ပေါ်စေပြီး သဘာဝသစ်တောဂေဟစနစ်များ တစ်နေ့ထက်တစ်နေ့ ပျက်စီးယိုယွင်းလာနေသည်ကို တွေ့ရမည်ဖြစ်သည်။ သစ်‌တောပြုန်းတီးမှုကြောင့် လူသားများအသက်ရှင်ရပ်တည်ရေးအတွက် ကြီးမား သည့် ခြိမ်းခြောက်မှုများဖြစ်သည့် ရာသီဥတုပြောင်းလဲလာခြင်း၊ မြစ်၊ ချောင်း၊ ကန်များတိမ်ကောလာပြီး ရေကြီးရေလျှံ ဖြစ်ပေါ်လာခြင်းနှင့် ရေထုညစ်ညမ်းမှု၊ ရေချိုအရင်းအမြစ်များဆုံးရှုံးမှု၊ မြေဆီလွှာပြုန်းတီးလာမှု၊ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းမှု စသည့်ဆိုးကျိုးများစွာဖြစ်ပေါ်လာသည်။

မြန်မာနိုင်ငံတွင် သစ်တောများပြန်လည်ဖွံ့ဖြိုးလာရေးနှင့်ပတ်သက်၍ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နိုင်ရန်အတွက် “နိုင်ငံတော် နှင့်အတူ မျိုးဆက်သစ်လူငယ်များအပါအဝင် တိုင်းရင်းသားပြည်သူများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ပြည်တွင်း ပြည်ပအဖွဲ့အစည်းများက ပူးပေါင်းပါဝင်ဆောင်ရွက်ကြခြင်းဖြင့် “စိမ်းလန်းသာယာသည့် နိုင်ငံတော်အဖြစ် ကမ္ဘာ့အလယ်တွင် ထာဝရဂုဏ်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ထပ်မံတိုက်တွန်းပါကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြည်ထောင်စုနယ်မြေနေပြည်တော် ၂၀၂၂ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ပြောကြားခဲ့သည်။

သစ်တောသစ်ပင်သည် ရေရှည်ပြုစုပျိုးထောင်ရပြီး ရေရှည်အကျိုးဖြစ်ထွန်းသော သဘာဝရတနာဖြစ်သည်။ မြန်မာတို့၏ဆိုရိုးစကားတွင် တစ်သက်စိတ်ချမ်း သာလိုပါက သစ်ပင်စိုက်ပါဟု ဆိုထားသည်။ သစ်တောသစ်ပင်များနှင့် စိမ်းလန်း သာယာနေသောပတ်ဝန်းကျင်သည် ကိုယ်စိတ်နှလုံးကို ချမ်းမြေ့စေသည်။ သာဓကအားဖြင့် နေပြည်တော်ကောင်စီနယ်မြေတွင် မြို့ပြသစ်တော စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများကို ၂၀၀၆-၂၀၀၇ ခုနှစ်ကာလမှစတင်၍ ထိထိ ရောက်ရောက်ဆောင်ရွက်ခဲ့ရာ ယခုအခါ စိမ်းလန်းစိုပြည်သည့် ပတ်ဝန်းကျင်ကို ပိုင်ဆိုင်နေပြီး နွေရာသီတွင် အပူချိန်လျော့နည်းလာခြင်း၊ သမမျှတသည့် ရာသီဥတု ကို ရရှိခြင်းတို့ကြောင့် စိမ်းလန်းသာယာလှပသည့် နိုင်ငံတော်၏မြို့တော်ကြီး ဖြစ်လာသည်။ စိမ်းလန်းပြီးသန့်ရှင်းသာယာသည့် မြို့ပြတစ်ရပ်ကို ကြိုးပမ်းတည်ထောင်နိုင်ခဲ့သည့် အကျိုးရလဒ်များကို ခံစားနေကြရပြီဖြစ်သည်။

ထို့ကြောင့် နေပြည်တော်တွင် သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းသာယာလှပသည့် သဘာဝပတ်ဝန်းကျင် Green and Clean Cities အဖြစ် ရေရှည်တည်ထောင်နိုင်ရေးနှင့် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ပတ်ဝန်းကျင် ရေရှည်ကောင်းမွန်သည့် Green and Clean Cities အဖြစ် တိုးမြှင့်ဆောင်ရွက်နိုင်ရေးကို ရှေရှည်မြော်တွေး၍ အလေးထားဆောင်ရွက် ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ စိမ်းလန်းစိုပြည်သာယာလှပမှ ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဖွယ်၊ နှစ်လိုဖွယ်နိုင်ငံဖြစ်မည်ဖြစ်၍ နိုင်ငံတစ်ဝန်းတွင် သစ်တောသစ်ပင်များ ပြုစုပျိုးထောင်စိုက်ပျိုးကာ စိမ်းလန်းသာယာသည့်နိုင်ငံဖြစ်အောင် ဖန်တီးရမည် ဖြစ်ပါကြောင်း။