နေပြည်တော် ဇွန် ၂၈
၁၆ ကြိမ်မြောက် အာဆီယံ-တရုတ် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးဆိုင်ရာဖိုရမ်ကို ယနေ့ နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ The National Rural Revitalization Administration မှ အိမ်ရှင်အဖြစ်လက်ခံ၍ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။ ဖိုရမ်သို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ဆန်းသစ်ရေးစီမံခန့်ခွဲမှု အဖွဲ့မှ Administrator H.E. LUI Huanxin နှင့် အဖွဲ့ဝင်များ၊ အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံမှ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ဝန်ကြီးနှင့် ဒုတိယဝန်ကြီးများ၊ အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမှုလျှော့ချရေးဗဟိုဌာန (IPRCC) မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဦးစွာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမျိုးသားကျေးလက်ဖွံ့ဖြိုးရေးနှင့် ပြန်လည်ဆန်းသစ်ရေး စီမံခန့်ခွဲမှုအဖွဲ့မှ Administrator H.E. LUI Huanxin က အဖွင့်မိန့်ခွန်းပြောကြားပြီး အာဆီယံ ဒုတိယအတွင်းရေးမှူးချုပ် H.E. Ekkaphab Phanthavong တို့မှ လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာတွင် အာဆီယံနိုင်ငံများအနေဖြင့် ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုအစီအစဉ်အား ပြည့်မီစွာဆောင်ရွက်ရမည့် သတ်မှတ်ကာလဟာ နီးကပ်နေပြီကြောင်း၊ လွန်ခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့ကူးစက်ကပ်ရောဂါ ကိုဗစ်-၁၉ ကြောင့် မမျှော်မှန်းထားသည့်စိန်ခေါ်မှု အခက်အခဲများ၊ အလှည့်အပြောင်းများ ကြုံတွေ့ခဲ့ရပြီး ခက်ခက်ခဲခဲ ကိုင်တွယ်ဖြေရှင်းခဲ့ရပါကြောင်း၊ အာဆီယံကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုပပျောက်ရေး ဆိုင်ရာလုပ်ငန်း စီမံချက်မူဘောင် ၂၀၂၁-၂၀၂၅ ကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ပေါင်းစည်းဆောင်ရွက်ရေးဆိုင်ရာ လမ်းညွှန်ချက် တစ်ခုအဖြစ် ရေးဆွဲချမှတ်ပြီး မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့် မိမိတို့မြန်မာနိုင်ငံအနေဖြင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးရေး အောင်မြင်နိုင်စေရန်အတွက် မြို့ပြနှင့်ကျေးလက်ဒေသများအကြား၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး ဆောင်ရွက်သွားရန် မျှော်မှန်း ထားရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေနှင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်သမဝါယမကဏ္ဍ မြှင့်တင်ရေးလုပ်ငန်းများ၊ ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးနှင့်လူမှုစီးပွားဘဝဘက်စုံ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် အသေးစားနှင့်အလတ်စား စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ တရုတ်နိုင်ငံအစိုးရ၏ ငွေကြေးပံ့ပိုးကူညီမှုများဖြင့် ကျေးရွာအဆင့်ဆင်းရဲမှု လျော့ချရေးစံပြ စီမံကိန်းကို ၂၀၂၁ ခုနှစ်တွင် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့ပါကြောင်း၊ လက်တလောကာလတွင် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေအောက်မှ ကျေးရွာအဆင့်ဆင်းရဲမှုလျော့ချရေး စီမံကိန်းအဆင့်(၂)၊ ကျေးလက်ရေရရှိရေးစီမံကိန်း၊ ကျေးလက် မီးလင်းရေးစီမံကိန်းနှင့် ဘက်စုံကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုပပျောက်ရေး ဆိုင်ရာအောင်မြင်မှုများဟာ မြန်မာနိုင်ငံ၏ စဉ်ဆက်မ ပြတ်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့်ဆင်းရဲမှုလျော့ချရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်ချက်များအတွက် အဖိုးတန်သော စံနမူနာများအဖြစ် အသုံးချနိုင်မည်ဟုလည်း မိမိတို့အနေဖြင့် ယုံကြည်မိပါကြောင်း၊ မိမိတို့အားလုံး သဘောတူညီထားသော ဘုံရည်မှန်းချက် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရေးအတွက် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိတို့ မြန်မာနိုင်ငံအနေဖြင့် သာယာဝပြောသော အမိမြေကို တည်ဆောက်ရာတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၊ မိတ်ဖက်နိုင်ငံများ အားလုံးနှင့်အတူ လက်တွဲပူးပေါင်း၍ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်ကြီးများက လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်ရည်မှန်းချက်များနှင့် ချိတ်ဆက်ဆောင်ရွက်နေမှု၊ အောင်မြင်မှု၊ အတွေ့အကြုံကောင်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးပြောကြားကြသည်။ ယင်းနောက် လူမှုဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုကဏ္ဍနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူနေမှုအဆင့်အတန်း ပတ်ဝန်းကျင် တိုးတက်ပြောင်းလဲရေးဆိုင်ရာကဏ္ဍတို့ကို အုပ်စုများခွဲ၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်