နေပြည်တော် စက်တင်ဘာ ၁၆
မြန်မာ့တပ်မတော်နှင့် အိန္ဒိယတပ်မတော်နှစ်ရပ်အကြား အပြန်အလှန်ခင်မင်ယုံကြည်မှု ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်လာစေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာ လေ့လာရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ရန်အတွက် COL SHRIKANT JETHI ဦးဆောင်ပြီး အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊လေ)မှ အရာရှိ၊ စစ်သည်များပါဝင်သော အိန္ဒိယတပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်သို့ ရောက်ရှိရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး နေအောင်စိုး၊ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံစစ်သံမှူး JASWINDER S GILL တို့က လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
ညနေပိုင်းတွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဆင်ဖြူတော်များအား လေ့လာကြည့်ရှုကြသည်။
အဆိုပါချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တွင် COL SHRIKANT JETHI ဦးဆောင်သည့် အိန္ဒိယတပ်မတော် (ကြည်း၊ ရေ၊ လေ)မှ အရာရှိ၊ စစ်သည်စုစုပေါင်း ၁၂၀ လိုက်ပါလာပြီး နေပြည်တော်ရှိ တန်ခိုးကြီးဘုရားများနှင့် အထင်ကရနေရာများသို့ စက်တင်ဘာ ၁၉ ရက်အထိ လေ့လာလည်ပတ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်