Skip to main content

မြန်မာ့ဂီတနှင့် မြန်မာ့ဂုဏ်မြှင့်တင်

ဇွန်လ ၂၇ ရက်နေ့သည် မြန်မာ့ဂီတနေ့ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ကျင်းပခဲ့သော မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဇွန်လ ၂၇ ရက်နေ့ကို မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ခဲ့သည်။ မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ခဲ့သည်မှာ မကြာသေးသော်လည်း မြန်မာ့ဂုဏ်၊ မြန်မာအမျိုးသား စွမ်းပကားများကို မြှင့်တင်ပေးခဲ့သည့် ဂီတစွမ်းပကားများမှာ သမိုင်းကြောင်း ရှည်ကြာခဲ့ပြီဖြစ်၍ မြန်မာ့ဂီတကို ဤနေ့တွင် ဂုဏ်ပြုချီးမြှောက်ကြရမည်ဖြစ်သည်။

၁၉၃၆ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် မြင်းခြံမြို့၌ ကျင်းပခဲ့သော ဒုတိယအကြိမ်မြောက် တို့ဗမာအစည်းအရုံး ညီလာခံတွင် ဝိုင်အမ်ဘီအေ ဆရာတင်ရေးသားသည့် “တို့ဗမာ” သီချင်းအား အမျိုးသားသီချင်းအဖြစ် သတ်မှတ်ခဲ့သောနေ့ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ဂီတနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ဂီတသည် အနုပညာ ဂုဏ်ပြောင်မြောက်ပြီး ရှေးမြန်မာဘုရင်များ လက်ထက်ကတည်းက မြန်မာတို့၏ ဇာတိသွေး၊ ဇာတိမာန်၊ မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ မြင့်မားစေသည့် တေးသီချင်းများ၊ တေးဂီတများရှိခဲ့သည်။ နယ်ချဲ့ဆန့်ကျင်ရေးကာလ၊ လွတ်လပ်ရေး ကြိုးပမ်းမှုကာလတွင် “တို့ဗမာ” သီချင်းသည် မြန်မာတစ်မျိုးသားလုံး၏ အမျိုးသားရေးစိတ်ဓာတ်များ ပြင်းထန်စွာ ထက်သန်စေခဲ့ပါသည်။

ခေတ်ကာလတို့ ရွေ့လျားပြောင်းလဲလာသောအခါ ခေတ်ပေါ်တေးဂီတများသည် ခေတ်ကာလအလိုက် အစားထိုးဝင်ရောက်လာသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအခါ အစဉ်အလာကြီးမားသည့် မြန်မာ့ဂီတ မတိမ်ကော မပျောက်ပျက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။ ယင်းတာဝန်ကို မြန်မာနိုင်ငံ ဂီတအစည်းအရုံးက ဦး‌‌ဆောင်ပြီး မြန်မာ့ဂီတကို ချစ်မြတ်နိုးသော အနုပညာရှင်များက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသည်။ ၁၉၆၃ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ဂီတအစည်းအရုံးသည် မြန်မာ့ဂီတနှင့်မဟာဂီတကို အလေးထား ထိန်းသိမ်းလျက်ရှိပြီး မြန်မာမှုကိုအခြေခံ၍ ကမ္ဘာ့ဂီတကို အခြေခံသော ယနေ့ လူငယ်များနှင့်ဆီလျော်သည့် အိုင်တီနည်းပညာနှင့် ဂီတပညာပေါင်းစပ်ထားသော အခြေခံကောင်းများကို ‌‌ဖော်ဆောင်လျက်ရှိသည်။

မြန်မာနိုင်ငံဂီတနေ့ကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ကျင်းပသည်။ အထူးသဖြင့် မန္တလေးတွင် ထူးခြားစွာကျင်းပပြီး မြို့မဂီတအဖွဲ့အပါအဝင် ဂီတအဖွဲ့ ၇၀ ကျော် ပါဝင်တက်ရောက် ဖျော်ဖြေခဲ့ကြသည်။ မြန်မာ့ရိုးရာဂီတနှင့် မြန်မာတေးသီချင်း စစ်စစ်များဖြင့် မြန်မာ့ဂီတကို မြှင့်တင်ပေးခဲ့သည်။ မြန်မာ့ယဉ်ကျေးမှုသမိုင်းကို လေ့လာကြည့်လျှင် မြန်မာ့ဂီတသည် လွန်ခဲ့သောနှစ်ပေါင်း ၁၅ဝဝ လောက်မှစ၍ ဖြစ်ပေါ်ခဲ့သည်ဟု ယူဆရသည်။ ခရစ်နှစ် ၈ဝ၂ ခန့်က တရုတ်မှတ်တမ်းအရ မြန်မာတူရိယာနှင့် သီချင်းတို့သည် ထိုခေတ်တွင် ပြေပြစ်ကောင်းမွန်နေကြပြီဟု ဆိုထားသည်။ မြန်မာ့ဂီတသည် အနောက်တိုင်းဂီတကဲ့သို့ အသံတို့ကို စနစ်တကျ ပေါင်းစပ်ထားသည်ထက် အသံတို့ကို အဆက်အစပ်မဲ့စွာ တွဲစပ်ထားသကဲ့သို့ ထင်မှတ်ဖွယ်ရာရှိသည်။ သို့သော် သေချာစွာဂရုပြု၍ နားဆင်လျှင် မြန်မာ့ဂီတသည် အဆင့်အတန်းမြင့်သော ဂီတဖြစ်ကြောင်း ရိပ်စားနိုင်ပေသည်။

မြန်မာတို့၏ ဂီတပညာသည် စိတ်ကူးဉာဏ်ရှိသလောက် ကွန့်ချင်တိုင်း ကွန့်မြူးနိုင်သော ပညာဖြစ်သည်။ ထို့ကြောင့် အနောက်တိုင်း ဂျပ်စ်တီးလုံးနှင့် အနောက်တိုင်း ကာလပေါ်သီချင်းတို့၏ လွှမ်းမိုးခြင်းကို ကျော်လွှားနိုင်သည်။ စင်စစ်မြန်မာတို့၏ ဂီတလောကတွင် မြန်မာပီသသော ကာလပေါ်သီချင်းကောင်း အမြောက်အမြား ပေါ်ထွက်လျက်ရှိသည်ကို မရိုးနိုင်အောင် နားဆင်ရခြင်းဖြင့် လည်းကောင်း၊ ပြန်ဆိုတေးများဖြင့် တင်ဆက်နေသည်တို့ကိုလည်းကောင်း ခံစားကြရမည်ဖြစ်သည်။ ရှေးဟောင်းမြန်မာ့ဂီတသည် ဂန္ထဝင်မြောက်သဖြင့် အခြားနိုင်ငံမှ ဂီတများကဲ့သို့ပင် ထိန်းသိမ်းထားအပ်သော အနုပညာဖြစ်သည်။ မြန်မာမဟုတ်၊ အနောက်တိုင်းမဟုတ်သည့် သရုပ်ပျက်တေးဂီတများအား ရှောင်ရှားပြီး အရိုးမှန်အစဉ်မှန်ဖြစ်သော မြန်မာ့ရိုးရာဂီတကို ပြန်လည်လေ့လာခြင်း၊ ထိန်းသိမ်းခြင်း ပြုသင့်ကြသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှုဖြစ်သည့် အဆို၊ အက၊ အရေး၊ အတီးဆိုင်ရာ အနုပညာများမှာ နိုင်ငံနှင့်လူမျိုးကို ထိရောက်စွာ အကျိုးပြုသည့် အနုပညာဖြစ်၍ ထိန်းသိမ်းစောင့်ရှောက်ကြရန် လိုအပ်ပါသည်။ ထိုတာဝန်မှာ ဂီတပညာရှင်များသာမက အားလုံးတွင် တာဝန်ရှိပြီး တိုးတက်နေသော ခေတ်နှင့်အညီ မြန်မာ့ဂီတ ရင်ပေါင်တန်းနိုင်ရေး ကြိုးစားရာ၌ အရိုးကိုအရွက်မဖုံးစေဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှု အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရပါမည်။ တို့ဗမာ ဟစ်ကြွေးသံကြားသည်နှင့် ဇာတိသွေး၊ ဇာတိမာန် ထက်သန်စေသော မြန်မာတို့၏ ဂီတ၊ အနုပညာယဉ်ကျေးမှု အစဉ်ပျံ့လွင့်နေအောင် ဂီတအနုပညာ လောကသားများနှင့်အတူ ပြည်သူများပါ ဝိုင်းဝန်းပါဝင် နွှဲပျော်ကြရန် တိုက်တွန်းပါကြောင်း။         ။