ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၅-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၆-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၃,၆၁၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၈) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၃၅၀,၆၀၈) ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၃,၅၅၆) ဦး ရှိပြီ ဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြားထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၅၃၀) ဦး ရှိပြီဖြစ်ပါသည်။ ယနေ့တွင်လည်း COVID-19 ရောဂါဖြင့် သေဆုံးသူမရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦး ရှိပါသည်။
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ထိုးနှံပေးလျက်ရှိရာ (၂၅-၆-၂၀၂၂) ရက်နေ့အထိ အသက် (၁၈) နှစ်နှင့်အထက် လူဦးရေစုစုပေါင်း (၂၉,၈၄၇,၆၅၁) ဦးနှင့် အသက် (၁၈) နှစ်အောက် လူဦးရေစုစုပေါင်း (၅,၃၅၉,၉၉၁) ဦးတို့အား ထိုးနှံထားရှိပြီး ဖြစ်ပါသည်။
ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည်ရောဂါရှိသူများသည်လည်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ပါသည်။
နိုင်ငံတကာခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက်များနှင့်ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။