နေပြည်တော် ဇွန် ၂၄
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့ရွာများအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရပါသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာတွင် ဇွန်လ ၂၃ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၌ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ချောင်းဦးတောင်ရပ်ကွက်၊ ချောင်းဦး-အမြင့်လမ်းဆုံဘက်မှနေ၍ ချောင်းဦးမြို့တွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် လာရောက်ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ၎င်းတို့၏ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုကြောင့် တမာမြိုင်ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်းကျည်များ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆိုပါရပ်ကွက်နေသူများဖြစ်သည့် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ စာရေးဝန်ထမ်းဖြစ်သူ ဒေါ်ဝါဝါမိုး(၂၃)နှစ် (ဘ)ဦးကြည်လွင်နှင့် ဒေါ်ပေါက်ပေါက် (ခ) ဒေါ်ထားထားနွယ်(၅၀)နှစ် (ဘ)ဦးဌေး တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးကြည်လွင်(၅၀) နှစ် (ဘ)ဦးချစ်အောင်၊ ပညာရေးဝန်ထမ်းဖြစ်သူ ဦးမောင်မောင်ကျော်(၄၁)နှစ် (ဘ)ဦးဉာဏ်ရှိန်၊ ဒေါ်နွယ်စန်း(၅၃)နှစ် (ဘ) ဦးဘိုလေးနှင့် ဒေါ်မိုးမိုးအောင် (၃၅) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသနိုင်ရေး ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် မြို့ရွာများအတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ကာ အပြစ်မဲ့ပြည်သူများအား ထိခိုက်ဒဏ်ရာရရှိ သေဆုံးစေခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။