နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘာသာရပ်ဆိုင်ရာ စာတမ်းဖတ်ပွဲကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ် Assembly Hall ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဝင်းသော်နှင့် ဒေါ်သန်းသန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အရာထမ်း/ အမှုထမ်းများ တက်ရောက်ကြသည်။
စာတမ်းဖတ်ပွဲတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးကဏ္ဍ တိုးတက်ရေးအမြင်ဖြင့် ခေတ်မီနည်းပညာအခြေခံသော ထိရောက်လုံခြုံမှုရှိသည့် ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းများအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထိရောက်စွာ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းကို အသိပေးပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ်ပေးခြင်းမှာ လုပ်ငန်းတာဝန်များကိုအချိန်နှင့်တစ်ပြေးညီ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် စွမ်းဆောင်ရည်တည်ဆောက်ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဝန်ထမ်းများ၏ လက်တွေ့လုပ်ငန်းများနှင့် လေ့လာဆည်းပူးခဲ့သည့် ပညာရပ်များပေါင်းစပ်၍ မိမိတို့၏အရည်အသွေးများ တိုးတက်မြင့်မားစေရန် ဆက်လက်ကြိုးပမ်း အားထုတ်သွားရန်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Asset Classification and Provisioning from Prudential and IFRS Perspectives စာတမ်းနှင့် စပ်လျဉ်း၍ ဒေါ်အေးမြတ်မွန် (လက်ထောက်ညွှန်ကြားရေးမှူး)နှင့် ဒေါ်သင်းသီတာဆွေ (လက်ထောက်ညွှန်ကြားရေးမှူး) တို့ကလည်းကောင်း၊ ငွေကြေးခဝါချမှုနှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ ကြီးကြပ်စစ်ဆေးခြင်း စာတမ်းနှင့်စပ်လျဉ်း၍ ဒေါ်အေးကြူမြင့် (လက်ထောက်ညွှန်ကြားရေးမှူး)ကလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အရာထမ်းများက အကြံပြုဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်