မိုင်းဆတ် ဇွန် ၂၂
သံလွင်တံတား (တာဆန်း)သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကို ဆက်သွယ်ထားသော နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းပေါ်တွင် တည်ရှိပြီး သံလွင်မြစ်ကို ဖြတ်ကျော်တည်ဆောက် ထားသည့် အရေးပါသော တံတားတစ်စင်းဖြစ်သည်။ အဆိုပါ တံတားကို တံတားအထူးအဖွဲ့(၄)က တာဝန်ယူတည်ဆောက်လျက်ရှိသည်။
သံလွင်မြစ်၏ အရှေ့ဘက်ခြမ်းသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ်ဖြစ်ပြီး အနောက်ဘက် ခြမ်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်း တည်ရှိသည်။ သံလွင်မြစ်ကူးတံတား (တာဆန်း) တံတားဟောင်းမှာ ၁၉၉၉ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အသုံးပြုခဲ့ရာ တံတားသက်တမ်းမှာ နှစ် ၂၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
တံတားအရှည်မှာ ပေ ၉၀၀၊ တံတား အမျိုးအစားမှာ အုတ်မြစ်အနေဖြင့် Open Foundation ဖြစ်သည်။ တံတားအပေါ်ထည်မှာ ဘေလီကြိုးတံတားနှင့် C. Channel ကြမ်းခင်း အမျိုးအစား၊ ယာဉ်သွားလမ်းအကျယ် ၁၈ ပေနှင့် တံတား တည်ဆောက်ပြီးစဉ်က တံတားခံနိုင်ဝန် ကို တန် ၃၀ အထိ ခွင့်ပြုခဲ့သည်။
ယခုအခါတွင် တံတားကြီးပေါ်မှ နေ့စဉ်ယာဉ်ငယ် ၃၅ စီးခန့်နှင့်ယာဉ်ကြီး ၁၅ စီးခန့် ဖြတ်သန်းသွားလာလျက်ရှိရာ တာဆန်းကြိုးတံတားအား ရေရှည် အသုံးပြုနိုင်ရန်အတွက် ခံနိုင်ဝန် ၁၆ တန်သာ ခွင့်ပြုထားသည်။
နမ့်စန်- မိုးနဲ- မိုင်းတုံ-မိုင်းဆတ် လမ်းမကြီး ပေါ်တွင် တန် ၃၀ အထက် ယာဉ်ကြီးများ ဖြတ်သန်း သွားလာလျက်ရှိပြီး လမ်းပေါ်ရှိတံတားများသည် ခံနိုင်ဝန် တန် ၆၀ စသော တံတားများအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းများအား စီမံချက်များရေးဆွဲ၍ ဆောင်ရွက်ခြင်းနှင့်အတူ သံလွင်တံတား (တာဆန်း)အား အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။
တံတားအရှည်မှာ ၂၆၆ ဒသမ ၈၆၁ မီတာ၊ ၈၇၅ ဒသမ ၅၇ ပေ ရှိသည်။ ချဉ်းကပ်တံတားမှာ မိုင်းပန် ဘက်ကမ်းတွင် ၁၁ မီတာ၊ မိုင်းတုံဘက်ကမ်းတွင် ၅၄ ဒသမ ၈၆၁ မီတာ ရှိသည်။ တံတားအမျိုးအစားမှာ အုတ်မြစ် 1.5 m ϕ R.C Bored Pie၊ တံတားအောက်ထည် R.C၊ တံတားအပေါ်ထည် Steel Truss+R.C၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ ရေလမ်း ကင်းလွတ်အကျယ် ၁၁၇ ဒသမ ၅ မီတာ၊ ရေလမ်း ကင်းလွတ်အမြင့် ၁၀ မီတာ၊ တံတားခံနိုင်ဝန်မှာ ယာဉ်တစ်စီးချင်းအလေးချိန် ၇၅ တန်၊ လူသွားလမ်း အကျယ် (၁ မီတာ) တစ်ဖက်လျှင် ၃ ပေစီပါရှိပြီး ၂၀၂၄ ခုနှစ်တွင် ပြီးစီးမည်ဖြစ်သည်။
တံတားစီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံ အလယ်ပိုင်းမှ ရှမ်းပြည်နယ်(တောင်ပိုင်း)ကို ဖြတ်ကာ (အရှေ့ပိုင်း)၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွယ်ကူ လျင်မြန်စွာ ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပြီး ဒေသတွင်းသာမက အိမ်နီးချင်းနိုင်ငံများသို့ပါ ဆက်သွယ်သွားလာနိုင်မည်ဖြစ်သည်။ ဒေသတွင်း ထွက်ကုန်များကို ဒေသတွင်းအပြင် အိမ်နီးချင်း နိုင်ငံများသို့ပါ ပို့ဆောင်နိုင်မည်ဖြစ်ပြီး ကုန်စည် စီးဆင်းမှု မြန်ဆန်ရေးအတွက် များစွာ အထောက် အကူပြုသည့် အကျိုးကျေးဇူးများကိုရရှိမည် ဖြစ်ကြောင်း သိရသည်။
ခရမ်းစိုးမြင့်