ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ လက်လုပ်မိုင်းပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသား ၁ ဦးသေဆုံးကာ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၂၁ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂၅)ရပ်ကွက်၊ မောရဝတီလမ်းနှင့် မြခွာညိုလမ်းထောင့်၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရပ်ကွက်နေ မရီရီကျော်(၃၅)နှစ် (ဘ)ဦးတင်ခွေး၏ (၁၀)ပေခန့်ရှိ ဓနိမိုးထရံကာ နေအိမ်အတွင်း လက်လုပ်မိုင်းပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် နေအိမ်တွင် ရောက်ရှိနေသည့် အမှတ်(၁၂၆)ရပ်ကွက်နေ အောင်ကြီး(၄၀)နှစ် (ဘ)ဦးချစ်ထွေးတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး မရီရီကျော်နှင့် အမှတ်(၁၂၁)ရပ်ကွက်နေ ချက်ကြီး(၂၅)နှစ် (ဘ)ဦးဝင်းရွှေတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာအနီးမှ Keypad ဖုန်းအပိုင်းအစများ၊ PVC ပိုက် အပိုင်းအစများ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုလုပ်ရပ်များကြောင့် ၎င်းတို့ကိုယ်တိုင် ထိခိုက်သေဆုံးခဲ့ရသည့်အပြင် ထိခိုက်ဒဏ်ရာများပါရရှိခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုလုပ်ရပ်များအား ပူးပေါင်းပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိဘပြည်သူများအနေဖြင့်လည်း မိမိမြို့၊ ရွာ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ သွားလာမှုသတင်းများသိရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လျှို့ဝှက်စွာ သတင်းပေးပို့ပေးပါရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။