ရန်ကုန် ဇွန် ၂၁
မြန်မာနိုင်ငံ၏ တစ်ဆက်တစ်စပ်တည်းသော မြန်မာ့သမိုင်းစဉ် ဆွေးနွေးပွဲနှင့် ပတ်သက်၍ မြို့ပြတည်ထောင်မှု စတင်ခဲ့သော ပျူခေတ်ကာလသမိုင်းစဉ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် အမျိုးသားပြတိုက် (ရန်ကုန်)ဘက်စုံခန်းမ၌ ဆက်လက်ကျင်းပသည်။
ထိုဆွေးနွေးပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန္ဒာခင်၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၁) ဦးသန်းဆွေ၊ မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှနှင့် မြန်မာသမိုင်းအဖွဲ့ဝင် ပညာရှင်ကြီးများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များ၊ အကြံပေးပညာရှင်များ၊ ပျူခေတ်သုတေသန တူးဖော်မှုလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သော အရာရှိကြီးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လေ့လာသူ ပြင်ပပညာရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစီအစဉ်အရ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ ပျူခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် နေထိုင်အခြေချခဲ့သည့် “မိုင်းမော (ပင်လယ်)မြို့ဟောင်း’’ နောက်ဆုံးတူးဖော်တွေ့ရှိချက်များကို လည်းကောင်း၊ ဗိဿနိုးဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖြိုးပြည့်ကိုကိုက “ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဗိဿနိုးမြို့ဟောင်း၏ ရေအသုံးချမှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ နှောင်းတွေ့ အထောက်အထားများ”ကို လည်းကောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း (ပြည်)မှ ကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ဗုဒ္ဓဉာဏ်တော် (၁၄)ပါး၊ ပျူအက္ခရာ၊ ပျူခေတ်စာပေ၊ လက်ရေးအက္ခရာများ အကြောင်းနှင့် စပ်လျဉ်း၍ ခင်ဘကုန်းရှိ ဌာပနာတိုက်အတွင်း တူးဖော်တွေ့ရှိရမှု၊ အိန္ဒိယနိုင်ငံ အက္ခရာအရေးအသားများနှင့် နှိုင်းယဉ်၍ လည်းကောင်း၊ ပျူခေတ်အက္ခရာ အရေးအသားများမှ Ikshavakus အရေးအသားကို လည်းကောင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်က ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများ တူးဖော်မှုမှ အသစ်တွေ့ရှိမှုများနှင့် သမိုင်းကြောင်း ပြောင်းလဲစေသည့် တွေ့ရှိမှုများကို လည်းကောင်း၊ ပျူခေတ်ဆိုင်ရာ သုတေသနပြု တွေ့ရှိချက်များကို လည်းကောင်း တင်ပြဆွေးနွေးကြသည်။
ထို့နောက် ပျူခေတ်ကာလ သမိုင်းစဉ်(မူကြမ်း)ကို မြန်မာသမိုင်းအဖွဲ့မှ သမိုင်းပညာရှင်ကြီးများနှင့် ဆက်လက်ဆွေးနွေး၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ နောက်ဆုံးသုတေသနပြု တွေ့ရှိချက်များ၊ နိုင်ငံတကာ ပညာရှင်များနှင့်ပူးပေါင်း၍ ပျူယဉ်ကျေးမှု အထောက်အထား၊ သုတေသနပြု တွေ့ရှိချက်များနှင့် ဓာတ်ခွဲခန်းများမှ ဓာတ်ခွဲတွေ့ရှိချက်များ၊ သက်တမ်းတွက်ချက်မှုများကို ဖြည့်စွက်တင်ပြ ဆွေးနွေးကြသည်။
မြန်မာ့သမိုင်းစဉ်ဆိုင်ရာ ပျူခေတ်ကာလ သမိုင်းစဉ်ဆွေးနွေးပွဲကို ဇွန် ၂၂ ရက်တွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းစဉ်၏ ပျူခေတ်ဟု လူသိများသော ကာလသည် မြန်မာနိုင်ငံ၏ မြို့ပြတည်ထောင်မှု စတင်ခဲ့သော ကာလဖြစ်ပြီး သမိုင်းတင်ခေတ်၏ ကျယ်ပြန့်သော လူမှုဘာသာရေးများ ထွန်းကားခဲ့သည့် ကာလဖြစ်ကြောင်း သိရသည်။
သတင်းစဉ်