နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှအဆက်)
တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ယခုမိမိမေးလိုသည့်မေးခွန်းကို ယခင်သတင်းစာရှင်းလင်းပွဲ နှစ်ကြိမ်တိုင်တိုင် ဆက်တိုက်မေးခဲ့ကြောင်း၊ မိမိအနေဖြင့် တိုင်းရင်းသားပါတီအချို့နှင့်လည်း လိုက်လံတွေ့ဆုံခဲ့ကြောင်း၊ ၎င်းတို့၏ သဘောထားကိုလည်း နားထောင်ခဲ့ကြောင်း၊ PR စနစ်ကို တိုင်းရင်းသားပါတီ အတော်များများနှင့် တိုင်းရင်းသား ပြည်သူလူထုအတော်များများက နှစ်သက်ကြသည်ကို တွေ့ခဲ့ရကြောင်း၊ တိုင်းရင်းသားများက မည်သည့် PR စနစ်ကို အသုံးပြုမည်ကို သိလိုကြကြောင်း၊ မြန်မာနိုင်ငံနှင့် ကိုက်ညီသည့် PR စနစ်ကို အသုံးပြုမည်ဟု မိမိတို့သိထားကြောင်း၊ မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် PR စနစ်ဟုဆိုရာတွင် မည်သည့် PR စနစ်ကို အသုံးပြုမည်ဆိုသည်ကို သိလိုကြောင်း၊ အမျိုးသားလွှတ်တော်ကို အသုံးပြုမည်၊ ပြည်သူ့လွှတ်တော်ကို အသုံးပြုမည်ဆိုသည်ကို သိလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကို အသုံးပြုမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမည့် အခြေအနေဖြစ်သည်ကို တွေ့ရကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်များကို မည်သည့်အချိန်ခန့်တွင် ဖွဲ့စည်းမည်ကို သိလိုကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၂၀၂၂ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက ကရင်ပြည်နယ် ဘားအံမြို့နယ်တွင် Door To Door စနစ်ဖြင့် မဲစာရင်းပြုစုခြင်းများနှင့် လူဦးရေစာရင်းကောက်ယူခြင်းကို စတင်ဆောင်ရွက်မည်ဟု သိရကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရှိရန် လိုအပ်သည်ဟု မိမိအနေဖြင့် ထင်မြင်မိကြောင်း၊ ၎င်းတို့အနေဖြင့်လည်း အနည်းငယ်ပိုမို သိရှိထားခြင်းဖြင့် အခက်အခဲအချို့ ပြေလည်နိုင်မည်ဟု တွေးမိသောကြောင့် ယခုကဲ့သို့ မေးမြန်းခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသားပါတီများကို PR စနစ်နှင့် ပတ်သက်၍ မည်သည့်အချိန်ခန့်တွင် ချပြသွားမည်ကို သိလိုကြောင်း၊ တိုင်းရင်းသား ပါတီများအနေဖြင့်လည်း ၎င်းတို့၏ပါတီဝင်များကို PR စနစ်နှင့် ပတ်သက်၍ ချပြရန် လိုအပ်သည်ဟုဆိုသည့် ၎င်းတို့၏ မေးမြန်းချက်များအရ ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ယင်းကိစ္စများကို ယခင်သတင်းစာရှင်းလင်းပွဲများတွင်လည်း သတင်းထောက်ကြီး မေးမြန်းခဲ့ကြောင်း၊ မိမိအနေဖြင့်လည်း ထပ်မံရှင်းပြမည်ဖြစ်ကြောင်း၊ PR စနစ်သည် မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်ကြောင်း၊ ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပြီး မဲပေးကြကြောင်း၊ မဲပေးသည့်အခါ ပါတီများနှင့် တစ်သီးပုဂ္ဂလများက ယှဉ်ပြိုင်ကြကြောင်း၊ ၎င်းတို့ရရှိသည့် ခိုင်လုံမဲအပေါ်မူတည်ပြီးမှသာ လွှတ်တော်နေရာကို အချိုးကျရရှိသည့် စနစ်ဖြစ်ကြောင်း၊ ထောက်ခံဆန္ဒမဲအပေါ်မူတည်ပြီး အချိုးကျရရှိသည့် စနစ်ဖြစ်ကြောင်း၊ PR စနစ်နှင့်ပတ်သက်၍ ပါတီများနှင့် လေးကြိမ်တွေ့ပြီး စာတမ်းများဖတ်ပြီးမှ အသေးစိတ်ဆောင်ရွက်သည့်အခါ မြန်မာနိုင်ငံ၏ ပညာရေးအနေအထား၊ ရွေးကောက်ပွဲ အတွေ့အကြုံများအရ Closed List PR ကို ကျင့်သုံးမည်ဖြစ်ကြောင်း၊ လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေများကိုလည်း ပြင်ဆင်ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်ပြီးဖြစ်ကြောင်း၊ ဥပဒေထွက်လာသည်နှင့် အားလုံးရှင်းသွားမည်ဖြစ်ကြောင်း၊၊
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်အတွက် မြို့နယ်ကိုအခြေခံ၍ သော်လည်းကောင်း၊ လူဦးရေကိုအခြေခံ၍သော်လည်းကောင်း ၃၃၀ ထက်မပိုသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီကို ၁၂ ဦးနှုန်းနှင့် ၁၆၈ ဦး ရွေးကောက်တင်မြှောက် ပေးရမည်ဖြစ်ကြောင်း၊ ထို့ပြင်တစ်မြို့နယ်လျှင် ကိုယ်စားလှယ်တစ်ဦးနှုန်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ပေးရမည်ဖြစ်ကြောင်း၊ ယင်းကိုတင်ပြသည့်အခါ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဆိုလျှင် သတ်မှတ်သည့် ၃၃၀ ဦး၊ ၁၆၈ ဦး ရွေးကောက်တင်မြှောက်မည်ဖြစ်ပြီး အရေအတွက် မပြောင်းလဲကြောင်း၊ သို့သော် မဲဆန္ဒနယ်ကို ယခင်က တစ်နယ်လျှင် တစ်ယောက်ရွေးပြီး ယခုအခါ မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်လိုက်ကြောင်း၊ ထိုသို့သတ်မှတ်ပြီးမှ သတ်မှတ်သည့် မဲဆန္ဒနယ်ရှိ ကိုယ်စားလှယ်ဦးရေအတိုင်း သက်ဆိုင်ရာပါတီများမှ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ရရှိသည့်မဲဆန္ဒနယ်အချိုးကျအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယင်းမှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ဖြစ်ပြီး မဲဆန္ဒနယ်ကို ကျယ်ပြန့်စွာ သတ်မှတ်ခြင်းမှာ အဆင်ပြေကြောင်း၊ မဲဆန္ဒနယ်ကို သတ်မှတ်ခြင်းကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဖြစ်ကြောင်း၊ ထိုအတိုင်း ဆောင်ရွက်လိုက်လျှင် ပြည်သူ့လွှတ်တော်ရော၊ အမျိုးသားလွှတ်တော်ရော ဆောင်ရွက်၍ရပါကြောင်း။
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်သည် တစ်မြို့နယ်လျှင် နှစ်ယောက် ရွေးရပါကြောင်း၊ PR စနစ်ဆိုသည်မှာ တစ်ယောက်ထက်ပိုလျှင် PR စနစ်ကျင့်သုံး၍ ရပါကြောင်း၊ တစ်ယောက်တည်းသာ FPTP ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်မြို့နယ်ကို မဲဆန္ဒနယ်တစ်နယ် လုပ်လိုက်ပြီး PR စနစ်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားလှယ် နှစ်ယောက်ကို ရွေးချယ်ခြင်းအားဖြင့် PR စနစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် ဆောင်ရွက်၍ရကြောင်း၊ ထို့ကြောင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အားလုံးကို PR စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ အမျိုးသားလွှတ်တော်တွင် ပါဝင်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသခြောက်ခုတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးစီ ရွေးကောက်တင်မြှောက်ရကြောင်း၊ ထိုကဲ့သို့ ကိုယ်စားလှယ်တစ်ဦးစီသာ ရွေးကောက်တင်မြှောက်ရသည့် မဲဆန္ဒနယ်များအတွက်မူ FPTP စနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊၊
အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်တွင် သက်ဆိုင်ရာ ဥပဒေနှင့်အညီ ရရှိသည့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်များ၏ နေရာများရှိကြောင်း၊ အဆိုပါ တိုင်းရင်းသားလူမျိုး လွှတ်ကိုယ်စားလှယ်များအတွက် နေရာမှာလည်း တစ်ယောက်သာ ရွေးချယ်ရသောကြောင့် FPTP စနစ်ကို ကျင့်သုံးဆောင်ရွက်သွားမည်ဟု ပြောလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မဲဆန္ဒနယ် သတ်မှတ်ခြင်းဆိုသည့်ကိစ္စ ပေါ်ပေါက်လာကြောင်း၊ မဲဆန္ဒနယ် သတ်မှတ်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်မှာ တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်သာ ဖြစ်သောကြောင့် ရှင်းပါကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် သတ်မှတ်ရာတွင် ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်၏ အကျယ်အဝန်း၊ ပထဝီအနေအထား၊ နေထိုင်သည့် လူဦးရေ၊ တိုင်းရင်းသားလူမျိုးစုများ စုဖွဲ့နေထိုင်မှုအနေအထား စသည့် အခြေအနေများကို မူတည်၍ မျှတမှုရှိစေရန် သတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ဖွဲ့စည်းထားသည့် မြို့နယ်များ၊ ခရိုင်များအပေါ် မူတည်၍ စနစ်တကျ အချိုးညီ သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေအလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်များ၏ စာရင်းများအရ ၎င်းတို့ရရှိမည့် ခိုင်လုံမဲအပေါ်မူတည်၍ အချိုးကျရရှိမည်ဖြစ်ကြောင်း၊၊
PR စနစ်ကို ကျင့်သုံးခြင်းဖြင့် တိုင်းရင်းသား လူနည်းစုအနေဖြင့် မိမိတို့ဒေသအလိုက် ရွေးကောက်တင်မြှောက်ခံရသည့် အခွင့်အရေးများ ပိုမိုရရှိနိုင်မည်ဖြစ်ပြီး မိမိလူမျိုးစုနှင့် မိမိဒေသအကျိုးကို ပိုမိုဆောင်ရွက်နိုင်မည့် အခွင့်အရေး၊ အကျိုးကျေးဇူးရလဒ်များ ရရှိလိမ့်မည်ဟု ဖြေကြားလိုကြောင်း၊ အစောပိုင်းက သတင်းထောက်ကြီး မေးမြန်းခဲ့သည့် ကော်မရှင်များနှင့် အဖွဲ့ခွဲများကိစ္စကို ပြန်လည်ဖြေကြားရမည်ဆိုပါက ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တွင် မိမိတို့အဖွဲ့ရုံးများရှိကြောင်း၊ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့််တို့တွင် ကော်မရှင်ရုံးများ အသီးသီးရှိကြောင်း၊ အဆိုပါရုံးများမှာ ယခုလက်ရှိ မဲစာရင်းများနှင့်ပတ်သက်၍ အခြေခံအကျဆုံး ပထမအဆင့်ကို ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ မဲစာရင်းများကို သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စနစ်တကျ ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ အလားတူ ထပ်မံဆောင်ရွက်ရမည့် ကိစ္စများကိုလည်း ဆက်လက်ဆောင်ရွက်ရန်အတွက် စီစဉ်ဆောင်ရွက်ထားကြောင်း၊ အများယုံကြည်သည့် ပုဂ္ဂိုလ်များဖြင့် ကော်မရှင်ခန့်သည့် ကိစ္စများကိုလည်း ယခင်ဖြေကြားခဲ့သကဲ့သို့ အချိန်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
တဲ့ပြောသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်မင်းဦးက ပြန်လည်ဖြေကြားခဲ့သည့် အချက်များအထဲတွင် မရှင်းသည့်အချက် တစ်ချက်ရှိကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကို မူလအတိုင်းရွေးချယ်မည်ဟု သိရကြောင်း၊ နောက်ဆက်တွဲဖြေကြားချက်တွင် အဆိုပါဒေသတွင် နေထိုင်သည့် တိုင်းရင်းသားလူမျိုးစု၏ အရေအတွက်ဟု ပြောထားကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွင်ဆိုပါက တိုင်းရင်းသားလူမျိုးစု လွှတ်တော်ကိုယ်စားလှယ်နေရာများ ပါဝင်သည်ဆိုသည့် ပုံစံမျိုးကို ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့အတွက်ပါ ထည့်သွင်းစဉ်းစားထားသည် ဆိုသည့် သဘောမျိုးကို တွေ့ရကြောင်း မေးမြန်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မိမိဖြေကြားသည့် သဘောတရားကို သတင်းထောက်ကြီး နားမရှင်းသောကြောင့် ဖြစ်လိမ့်မည်ဟု ထင်မြင်မိကြောင်း၊ ဥပဒေများနှင့် နည်းဥပဒေများ ထုတ်ပြန်ထားသည်ကိုလည်း အနည်းငယ်ပြန်၍ လေ့လာစေလိုကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်ဟုဆိုရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုနှင့်သာ သက်ဆိုင်ကြောင်း၊ ထိုတိုင်းဒေသကြီးနှင့် ပြည်နယ်တွင်မှ ၎င်းနှင့်သက်ဆိုင်သည့် တိုင်းရင်းသားလူမျိုးစု၏ မဲစာရင်းမှသာ မဲပေးရခြင်းဖြစ်ကြောင်း၊ ထိုအတိုင်းသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အတူတူဟုဆိုရာတွင် ကိုယ်စားလှယ်အရေအတွက်အတူတူ ဖြစ်သည်ကို ဆိုလိုကြောင်း၊ မဲဆန္ဒနယ်သတ်မှတ်ရာတွင် ကွဲပြားပါကြောင်း၊ မိမိအနေဖြင့် သေသေချာချာ ရှင်းလင်းပြောကြားခဲ့ပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
People Media မှ သတင်းထောက်ချုပ် ဦးကျော်စိုးဦးက ဖြိုးဇေယျာသော်အပါအဝင် ကိုဂျင်မီတို့ကို သေဒဏ်ချမှတ်ခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာက နိုင်ငံတော်အစိုးရဆီသို့ သက်ညှာပေးရန် စာများရေးသားပေးပို့သည်ဟု သိရကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် မည်သို့သဘောထားများရှိသည်ကို သိလိုပါကြောင်း၊ ယခင်အစိုးရ လက်ထက်က ရန်ကုန်မြို့သစ်စီမံကိန်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် မည်သို့လုပ်ဆောင် ဆောင်ရွက်သွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ၎င်းတို့နှင့်ပတ်သက်ပြီး မည်သည့်ပြစ်မှုများကျူးလွန်ခဲ့သည်ကို မီဒီယာများမေးမြန်းခဲ့သည်ကို ယခင်ကလည်း စုံစုံလင်လင် ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ အကြောင်းရှိသည့်အတွက် အကျိုးဖြစ်သည်ဟု ပြောလိုကြောင်း၊ တချို့ကိစ္စများသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတိုင်းသည်လည်း ဆောင်ရွက်ရသည့် အခြေအနေမျိုးရှိကြောင်း၊ ထိုပြစ်ဒဏ်နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် ပြစ်ဒဏ်မပေးသည့် နိုင်ငံရှိပြီး၊ ပြစ်ဒဏ်ပေးသည့် နိုင်ငံပေါင်း ၇၀၊ ၈၀ နီးပါးခန့်ရှိကြောင်း၊ သို့သော် ထိုပြစ်ဒဏ်မျိုးရှိသော်လည်း ဆိုင်းငံ့ထားပြီး လတ်တလောတွင် ပြစ်ဒဏ်မပေးသည့် နိုင်ငံများလည်းရှိကြောင်း၊ ကမ္ဘာတွင် နိုင်ငံပေါင်းမည်မျှရှိသည်ကို စဉ်းစားကြည့်လျှင် ယင်းကဲ့သို့ ပြစ်ဒဏ်မျိုး ချမှတ်နိုင်သည့် နိုင်ငံပေါင်း ရာနှင့်ချီရှိသည်ကို သိနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးရေးအရ လိုအပ်လျှင်လိုအပ်သလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးရေးတွင် ၎င်းတို့ကို ရည်ညွှန်းခြင်းဆိုသည်ထက် မိမိတို့နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကဏ္ဍ၌ နောင်တွင် အလားတူဖြစ်စဉ်မျိုးများ မလုပ်နိုင်အောင်၊ မလုပ်ရအောင် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ ၎င်းတို့၏လက်ချက် အားပေးအားမြှောက်မှုကြောင့် အပြစ်မဲ့ပြည်သူလူထု အနည်းဆုံး လူဦးရေ ၅၀ ကျော် သေဆုံးခဲ့ရကြောင်း၊ ယင်းကိစ္စတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မပါဝင်ကြောင်း၊ ထို့ကြောင့် တရားမျှတမှုမရှိဘူးဟု မည်သည့်အတွက်ကြောင့် ပြောပါသနည်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း သတင်းထုတ်ပြန်ပြီး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ၏ ပြယုဂ်ဖြစ်သည့် မဏ္ဍိုင်ကြီးများနှင့် ပတ်သက်ပြီး တရားစီရင်ရေး၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးမဏ္ဍိုင်များကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထိုသို့လုပ်ဆောင်ရာတွင် လိုအပ်သည့်အချိန် လိုအပ်သလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်ပြီး အကျယ်တဝင့် ပြောကြားပြီးဖြစ်သည့်အတွက် ထပ်မံပြောကြားရန် မရှိကြောင်း၊ မြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် အဖွဲ့ဖွဲ့စည်းပြီး လေ့လာသုံးသပ်နေဆဲ အခြေအနေသာ ရှိသေးကြောင်း ပြန်လည်ဖြေကြားသည်။
NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းက မြန်မာနိုင်ငံ လွတ်လပ်ရေးရသည့်နေ့မှ ယနေ့အချိန်ထိ တစ်လျှောက်လုံး တပ်မတော်ကို နိုင်ငံရေးအသိုင်းအဝိုင်း၊ နိုင်ငံတကာအသိုင်းအဝိုင်း၊ တချို့သော လူမှုအသိုင်းအဝိုင်းများတွင် လက်ညှိုးဝိုင်းထိုးစရာနေရာကနေပြီး နှစ်ပေါင်း ၇၀ ကျော် တစ်လျှောက်လုံး အသုံးတော်ခံ နေရသည်ကို တွေ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအခြေအနေကို ကြည့်ခြင်းအားဖြင့် နိုင်ငံရေးအသိုင်းအဝိုင်းထဲ၌ ပြောစရာအဖြစ် သတ်မှတ်ခြင်းခံရသည့်အထဲမှ တဖြည်းဖြည်း ပြန်နုတ်ထွက်သည့် သဘောမျိုးလား၊ ထိုမှမဟုတ် မိမိတို့၏အခန်းကဏ္ဍကို တာဝန်ထမ်းဆောင် ပြင်ဆင်နေခြင်းမျိုးလား၊ တပ်မတော်လိုချင်သည့် အနာဂတ်နိုင်ငံရေးပုံစံက မည်သည့် ပုံစံဖြစ်သည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် တပ်မတော်၏ နိုင်ငံရေးနှင့်ပတ်သက်ပြီး မေးသည်ဟု ယူဆကြောင်း၊ ငြိမ်းချမ်းရေးဆွေးနွေးရာတွင် အဓိကအချက်နှစ်ချက်ကို အခြေခံပြီး ဆွေးနွေးကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု၊ ယင်းတို့နှင့်ပတ်သက်ပြီး အခြေခံမူဝါဒကို ရေးဆွဲပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုနှစ်ချက်သည် မိမိတို့၏ အမျိုးသားရေး ရည်မှန်းချက်ဖြစ်ကြောင်း၊ ယင်းကိစ္စများကိုမူတည်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံနှင့်ပြည်သူအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စလည်းဖြစ်ကြောင်း၊ ထိုသို့ဆွေးနွေးရာတွင် EAO များနှင့်လည်း အခြေခံမူများနှင့် ပတ်သက်ပြီး လက်ခံခဲ့ကြောင်း၊ သတင်းထောက်ကြီးမေးသည့် မေးခွန်းထဲတွင်ပါသည့် အမေးက ယခုအဖြေနှင့်တစ်ဝက် ပြေလည်မည်ဟု ထင်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို ခိုင်ခိုင်မာမာ အာမခံထားကြောင်း၊ EAO အဖွဲ့အစည်းအသီးသီးနှင့် ဆွေးနွေးခဲ့သည့်အချိန်တွင် ယင်းနှစ်ချက်အပေါ် အခြေခံပြီး ၎င်းတို့၏ အမြင်များ၊ တောင်းဆိုမှုများ၊ ဖြစ်လိုသည်များကို သိခဲ့ရကြောင်း၊ ထိုအပေါ်တွင်လည်း မိမိတို့လေးစားမှတ်သားမှုရှိသည်ကို ယခုပြောလိုကြောင်း၊ ထိုအထဲမှဖြစ်နိုင်သည်များ၊ ဖြစ်သင့်သည်များ လုပ်ဆောင်ခြင်းသည် မိမိတို့ လိုက်လျောမှုဖြစ်ကြောင်း၊ ယခင်တပ်မတော် သတင်းစာရှင်းလင်းပွဲများတွင်လည်း ယခုမေးခွန်းကို မေးမြန်းခဲ့သည့်အတွက် ဖြေကြားခဲ့ပြီးဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် မည်သည့်အခြေအနေ၊ မည်သည့်ရည်မှန်းချက်ရှိသည်ကို ဖြေကြားခဲ့ပြီးပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကအားစိုက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယခင်က မိမိဖြေကြားခဲ့သည့်အဖြေနှင့် ထိုသို့လုပ်ဆောင်ရန်အတွက် မည်သို့သော အခြေအနေဖန်တီးမှုများ ယူနေသည်ကို ဆက်စပ်တွေးပြီး သိနိုင်မည်ဟု ပြန်လည်ဖြေကြားသည်။
ဆက်လက်၍ NP News သတင်းဌာနမှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်း က တပ်မတော်အပေါ် ခေတ်အဆက်ဆက် နိုင်ငံရေးအသိုင်းအဝိုင်းက လက်ညှိုးထိုးခံရခြင်းနှင့် ပတ်သက်ပြီး တပ်မတော်အနေဖြင့် မည်သို့ပြောလိုသည်ကို သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်အနေဖြင့် ပုံစံအမျိုးမျိုးဖြင့် ပုံဖော်ခြင်းခံရကြောင်း၊ ၁၉၄၇ ခုနှစ်ကတည်းက စတင်ပုံဖော်ခဲ့ခြင်း ရှိကြောင်း၊ လွတ်လပ်ရေးမရမီ ၁၉၄၅ ခုနှစ်တွင် မြန်မာနိုင်ငံ နိုင်ငံရေးအယူအဆကို ပြောခြင်းမဟုတ်ဘဲ ဖြစ်တည်နေသည့် သဘောတရားအရ ပြောခြင်းဖြစ်ကြောင်း၊ ထိုအချိန်က တပ်မတော်နှစ်ရပ်ဟု ပြော၍ရကြောင်း၊ အင်္ဂလိပ်တို့တည်ထောင်ခဲ့သည့် တပ်မတော် မြန်မာနိုင်ငံမှ ဆုတ်ခွာသွားချိန်၊ အိန္ဒိယနိုင်ငံ ဆင်းမလားအထိ လိုက်သွားသည့် တပ်မတော်တစ်ရပ်ရှိကြောင်း၊ တစ်ချို့ဗမာနှင့် ဖွဲ့ထားသည့်တပ်များ ရှိသကဲ့သို့၊ တိုင်းရင်းသားများနှင့်ဖွဲ့ထားသည့် တပ်များရှိကြောင်း၊ ထို့ပြင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ဟူသည့် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးဖွဲ့စည်းထားသည့် တပ်မတော်တစ်ရပ် ရှိကြောင်း၊ ၁၉၄၇ ခုနှစ် စတင်ဆောင်ရွက်သည့်အချိန် ကန္ဒီစာချုပ် မချုပ်ဆိုခင်အပိုင်းတွင် ပြန်လည်တာဝန်ထမ်းဆောင်ခြင်း၊ ပေါင်းစည်းခြင်းတို့ကို (ဘီအိုင်အေ)က အားလုံးသိမည် ဖြစ်ကြောင်း၊ (ဘီအိုင်အေ)မှ အဆင့်ဆင့် (ဘီဒီအေ)အဖြစ် ပြောင်းလဲခဲ့ကြောင်း၊ လိုအပ်လျှင် လျှော့ပြီးဖွဲ့စည်းထားခြင်းရှိကြောင်း၊ ထိုသို့ဖွဲ့စည်းသည့်အတွက် ပြောင်းလဲခြင်းနှစ်ခု ရှိကြောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဆင့်၊ စစ်ဦးစီးချုပ်အဆင့်သည် ထိုအချိန်တွင် ကရင်အမျိုးသား ဗိုလ်ချုပ်ကြီး စမစ်ဒွန်းတို့ စတင်ဆောင်ရွက်ခဲ့ကြောင်း၊၊
နေသူရိန်လူထု အစည်းအဝေးပွဲကြီး လုပ်ခဲ့ကြောင်း၊ တပ်မတော်သည် ခိုင်မာရေး၊ တပ်မတော်တစ်ရပ်တည်း ထားရှိရေးရှိခဲ့ကြောင်း၊ ထိုအချိန်ကတည်းကတိုင် တစ်ချို့သော နိုင်ငံရေးသမားများက (ဘီအိုင်အေ)၊ (ဘီဒီအေ)ကို တရားမဝင်ဟု လက်ညှိုးထိုးခြင်း ရှိခဲ့ကြောင်း၊ ယင်းသို့ ပုံဖော်လာခြင်းသည် အချိန်မည်မျှကြာပြီကို သိရမည်ဖြစ်ကြောင်း၊ ၎င်းကို မည်သူတို့က ပုံဖော်ခဲ့သည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးက နေသူရိန် လူထုအစည်းအဝေးပွဲကြီးလုပ်ပြီးမှ ဒုတိယအချက်အနေဖြင့် အမတ်တစ်ယောက်က တင်သွင်းပြီးမှ တပ်မတော်တစ်ရပ်တည်း ဖြစ်ရမည်၊ တပ်မတော်ကို ပြည်သူလူထုက ထောက်ခံသည်ဆိုသည့် သဘောရယူခဲ့ခြင်းဖြစ်ကြောင်း၊ လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ပြည်တွင်းသောင်းကျန်းမှုများ ရှိခဲ့ကြောင်း၊ ပြည်တွင်းသောင်းကျန်းမှု ကာလတစ်လျှောက်တွင် တပ်မတော်အနေဖြင့် ပုံဖော်ခံရခြင်း ရှိခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရရှိခဲ့ကြောင်း၊ ယခုလက်ရှိအစိုးရကိုလည်း အိမ်စောင့်အစိုးရ၊ အာဏာသိမ်းသည့် အစိုးရဟု သုံးနှုန်းကြောင်း၊ ယခင်အိမ်စောင့် အစိုးရသည် အမှန်တကယ် စစ်သားနှစ်ယောက်သာ ပါဝင်ကြောင်း၊ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ဗိုလ်မှူးကြီး တစ်ယောက်တို့ ပါဝင်ကြောင်း၊ ကျန်သည့်သူများ၊ အဖွဲ့ဝင်များသည် အရပ်သားများဖြစ်ကြောင်း၊ တစ်နှစ်တာဝန် ထမ်းဆောင်ပြီးနောက် ထပ်တိုးပြီးတာဝန် ထမ်းဆောင်ခြင်း ရှိခဲ့ကြောင်း၊၊
ဗိုလ်ချုပ်အောင်ဆန်းတို့ လက်ထက်ကတည်းက တိုင်းပြည်ကို တည်ထောင်ရာတွင် ဆိုရှယ်လစ်ဝါဒဖြင့် တည်ထောင်လိုသည်ဟူ၍ ရှိခဲ့ကြောင်း၊ ၁၉၆၂ ခုနှစ် နိုင်ငံတော်တာဝန်ရယူပြီးသည့် အချိန်တွင် ယင်းသို့ဖြစ်ရန် ပြည်သူလူထုတစ်ရပ်လုံး သွားကြကြောင်း၊ ယင်းသို့ အကောင်အထည်ဖော်ရန် လုပ်ခဲ့ရသည့် လုပ်ငန်းများရှိကြောင်း၊ လုပ်ခဲ့ရသည့် လုပ်ငန်းများထဲတွင် ပြည်သူပိုင်သိမ်းခြင်း လုပ်ငန်းများလည်း ရှိခဲ့ကြောင်း၊ ထိုခေတ်က ဆောင်ရွက်ခဲ့ရသည်များသည် ပြည်သူလူထုကို လိမ်၍မရကြောင်း၊ တောင်သူလယ်သမားညီလာခံ၊ အလုပ်သမားညီလာခံများကို မည်သည့်ဖိအားမျှပေးပြီး လုပ်ခဲ့ခြင်းမရှိကြောင်း၊ ခြိမ့်ခြိမ့်သဲသဲ လုပ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်သူပိုင် သိမ်းခံရသည့် သူများသည်လည်း မည်သူတို့ဖြစ်မည်ကို အများအားဖြင့် သိမည်ဖြစ်ကြောင်း၊ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ ဖြစ်လာခြင်းနှင့်ပတ်သက်၍ ၎င်းတို့အချင်းချင်း ပေးပို့သည့်စာများရှိပြီး သမိုင်းတွင် ထင်ရှားခဲ့ကြောင်း၊ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖြစ်သည့် ဦးနေဝင်းကိုပေးခဲ့သည့် စာများရှိကြောင်း၊ ဦးနေဝင်းက မလုပ်ရပါစေနှင့်ဟု ပြန်ငြင်းဆိုခဲ့သည့် တရားဝင်စာရှိကြောင်း၊ ထိုစာသည် တရားဝင်စာဖြစ်ကြောင်း၊ ထိုကိစ္စကို ပြောင်းပြန်ပြောနေသည်ကို အံ့ဩမဆုံး ဖြစ်ရကြောင်း၊ ၎င်းတို့ရေးသားထားသည့်စာများသည် Public ကိုချပြထားသည့် စာများဖြစ်ကြောင်း၊ အမျိုးမျိုး ပုံဖော်ထားကြကြောင်း၊ နောက်ပိုင်းတွင် တပ်မတော်ကို နိုင်ငံရေးထဲ ဆွဲသွင်းသည့်သူများသည် မည်သူများ ဖြစ်သလဲဟု ပထမဆုံး မိမိမေးခွန်းထုတ်လိုကြောင်း၊၊
၁၉၆၂ ခုနှစ် ပတ်ဝန်းကျင်တွင် ရန်ကုန်လိုနေရာမျိုး၌ သစ်တောကာကွယ်ရေးတပ်များ ရောက်နေခြင်း၊ ပါတီတချို့၏ လက်ကိုင်တုတ်တပ်များ ရောက်နေခြင်း စသဖြင့် မျိုးစုံလုပ်ခဲ့ကြသည်ကို ပြန်ပြီးလေ့လာကြည့်လျှင် တွေ့ရမည်ဖြစ်ကြောင်း၊ တပ်မတော်သည် နိုင်ငံရေးထဲသို့ ရောက်ရှိလာခြင်းသည် ၁၉၄၇ ခုနှစ်၊ ၁၉၄၈ ခုနှစ် ကတည်းက စခဲ့သည့် ဇာတ်လမ်းများဖြစ်ကြောင်း၊ နိုင်ငံရေးနှင့် တပ်မတော် ဆက်စပ်နေခြင်းသည် ရဲဘော်သုံးကျိပ်နှင့် အများစု ဖြစ်ပေါ်လာအောင်အတွက် ပံ့ပိုးပေးသည့် လူများကသာ မြန်မာ့နိုင်ငံအရေးကို ဦးဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် မိမိတို့ဦးတည် သွားနေသည်မှာ ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်ကို မိမိတို့ခိုင်ခိုင်မာမာ အာမခံသွားနေခြင်းဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်ဆိုသည်နှင့် ဒီမိုကရေစီစနစ်၏ ကျင့်စဉ်များ၊ ဒီမိုကရေစီစနစ်၏ လုပ်ဆောင်ရမည့် နည်းလမ်းများ၊ ဒီမိုကရေစီစနစ်ကို သွားနေသည့် လမ်းကြောင်းများတွင် မည်သို့နေထိုင်ရမည်၊ မည်သို့သွားရမည်ကို ပါတီအနေဖြင့် လည်းကောင်း၊ ပြည်သူလူထုအနေဖြင့်လည်းကောင်း၊ မိမိတို့တပ်မတော်အပါအဝင် Institution အသီးသီးအနေဖြင့် လည်းကောင်း မည်သို့သွားရမည်ဆိုသည်ကို ရှိပြီးဖြစ်ကြောင်း၊ ယင်းတို့ကို နိုင်ငံ၏အခြေအနေပေါ် လိုက်လျောညီထွေ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခင်က အဖြေများနှင့် ဆက်စပ်ပြီး ကြည့်စေချင်သည်ဟု ပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
(ဆက်လက်ဖော်ပြပါမည်)