Skip to main content

ပြည်သူများ၏အနာဂတ် ကာကွယ်စောင့်ရှောက်မြှင့်တင်

နိုင်ငံအနာဂတ် မြင့်မားတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုသည် ပညာဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်လူငယ်လူရွယ်တိုင်းအား ပညာအမွေပေးဝေကြသည်။ ပညာသင်ကြားခြင်းသည် သင်ကြားသည့်ပညာရပ်များမှ ရရှိလာသော အသိဉာဏ်ပညာအခြေခံဖြင့် ဘဝရှေ့ခရီးနှင့် ကြုံတွေ့လာရသမျှတို့ကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်ရန်အတွက်ဖြစ်သည်။ ဘဝတွင် တိုးတက်လာအောင်၊ အောင်မြင်မှုများရရှိအောင်၊ မိမိ မိသားစုနှင့် မိမိပတ်ဝန်းကျင်၊ မိမိနိုင်ငံအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်အောင် ပညာသင်ကြားကြခြင်းဖြစ်သည်။

ပညာကို မလိုလားသောသူသည် လောကတွင် မည်သူမျှမရှိနိုင်။ ပညာကို အကြောင်းအမျိုးမျိုးကြောင့် မသင်ကြားနိုင်ခြင်းသာရှိမည်။ ပညာနှင့်ပတ်သက်၍ ပညာပါရမီ ဖြည့်ဆည်းကြသူများလည်း ရှိသည်။ လောကတွင် အလှူဒါနအမျိုးမျိုးရှိသည့်အနက် ပညာအလှူသည် အမွန်မြတ်ဆုံးသောအလှူဖြစ်သည်။ ပညာသည် လိမ္မာရေးခြားရှိအောင်၊ အသိအမြင်ဗဟုသုတကြွယ်အောင်၊ ဆင်ခြင်တုံတရား မြင့်မားအောင်၊ လုပ်ဆောင်နိုင်စွမ်းအားကောင်းအောင် ပညာကို အစဉ်မပြတ် ဆည်းပူး နေကြခြင်းဖြစ်သည်။ ပညာတတ်သူဖြစ်သော်လည်း ဆင်ခြင်တုံတရားနှင့် အတ္တ၊ မာန၊ အစွန်းတရားများကြီးမားသည့် ပညာရှိမိုက်မဲသူများလည်းရှိသည်။

လောကတွင် အသိဉာဏ်ပညာ၊ လိမ္မာရေးခြားရှိအောင် ပညာသင်ကြားပေးကြသူများရှိပြီး အသိဉာဏ်ပညာ ဆင်ခြင်တုံတရားနည်းပါးပြီး မိုက်မဲသူများဖြစ်အောင် သင်ကြားပေးသူများလည်း ရှိသည်။ ပညာမလိုလားသောသူ မည်သည့်အခါမျှ မရှိခဲ့သော်လည်း မျက်မှောက်ကာလတွင် ပညာသင်ကြားရေးကို နှောင့်ယှက်ဖျက်ဆီးသူများ ပေါ်ပေါက်လာသည်ကို တွေ့ရသည်။ မည်သည့်အဖွဲ့အစည်း၊ မည်သည့်နိုင်ငံတွင်မှ ပြုလုပ်ခြင်းမရှိသော ပညာရေးကို နှောင့်ယှက်ဖျက်ဆီးသည့် အလုပ်များ ပြုလုပ်လာကြသည်ကို တွေ့ရသည်။ ဆင်ခြင်တုံတရားနည်းပါးပြီး အတွေးအခေါ် အယူအဆမှားယွင်းသည့် လမ်းမှားရောက်သူများသည် ပညာသင်ကြားရေးကို ဖျက်ဆီးသည့် မိုက်မဲသောလုပ်ရပ်များ လုပ်ကိုင်လာကြသည်။

၎င်းတို့သည် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်းတို့၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများဖြစ်သည်။ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့ လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံ အားပေးလာစေရန် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်း၊ အဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ နှောင့်ယှက်ဖျက်ဆီးနေကြသည်။

အကြမ်းဖက်သမားများသည် နိုင်ငံတော်အစိုးရ၏လုပ်ဆောင်မှုများကို နှောင့်ယှက်ဖျက်ဆီးနေကြရာ၌ ပညာသင်ကြားရေးကို ပစ်မှတ်ထားတိုက်ခိုက်လာသည်မှာ လွဲမှားသည့် မိုက်မဲသောလုပ်ဆောင်မှု ဖြစ်သည်။ ပညာသင်ကြားပေးခြင်းသည် အစိုးရအတွက် လုပ်ဆောင်နေခြင်းမဟုတ်ဘဲ နိုင်ငံတော်နှင့် ပြည်သူများ၏ အနာဂတ်အတွက် မြှင့်တင်ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။ ပညာသင်ကြားခြင်းသည် ကျောင်းသားမိဘများနှင့် တိုက်ရိုက်သက်ဆိုင်ပေသည်။ ပညာမသင်ကြားနိုင်ပါက ကျောင်းသား ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများသာမက နိုင်ငံတော်အတွက်ပါ ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မျိုးဆက်သစ် လူငယ်လူရွယ် အားလုံးအား ပညာတတ်မြောက်စေပြီး အနာဂတ်ကိုဦးဆောင်နိုင်မည့် ခေါင်းဆောင်ကောင်းများ၊ ဦးစီးဦးဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် မည်သူမျှမကျန် ပညာတတ်မြောက်စေရေး အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်က ချမှတ်ထားသော ပညာရေးဆိုင်ရာ မူဝါဒများနှင့်အညီ ပညာသင်ကြားပိုင်ခွင့်ရှိသည်”၊ “ဥပဒေဖြင့် ပြဋ္ဌာန်းထားသည့် မသင်မနေရ အခြေခံပညာကို သင်ကြားရမည်”ဟု ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်က ကလေးငယ်များအားလုံးကို အခမဲ့ပညာရေးစနစ်ဖြင့် ပညာသင်ယူခွင့်ရအောင် ဆောင်ရွက်ပေးလျက်ရှိသည်။ လိုအပ်သော ပညာရေးဆိုင်ရာ အထောက်အပံ့များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိသည်။

သို့ဖြစ်ရာ ပညာသင်ကြားပေးခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက်၊ တိုင်းရင်းသားပြည်သူများ၏ ဘဝအနာဂတ်အတွက်၊ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝမြင့်မားတိုးတက်ရေးအတွက် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး နိုင်ငံတော်နှင့် ပြည်သူတို့၏ အနာဂတ်ဖြစ်သည့် ပညာရေး၊ ပညာသင်ကြားရေးကို နှောင့်ယှက်ဖျက်ဆီးနေကြသော အသိမဲ့အကြမ်းဖက်အဖျက်သမားများအား ဝိုင်းဝန်းပူးပေါင်းလက်တွဲ၍ လုံးဝပပျောက်သွားသည်အထိ အမြစ်ပါမကျန် တိုက်ဖျက် နှိမ်နင်းကြရန် တိုက်တွန်းအပ်ပါကြောင်း။     ။