Skip to main content

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ကျောက်ဖြူပညာရေးဒီဂရီကောလိပ် သင်တန်းသား၊ သင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် ဇွန် ၇

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး အဆိုပါကျောင်းရှိ ပညာတန်ဆောင်ခန်းမ၌ ကျောက်ဖြူပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ရခိုင်ပြည်နယ်ပညာရေးမှူးနှင့် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်၊ ပထမနှစ်ဝက်သင်တန်းသား၊ သင်တန်းသူများ၊ ပထမနှစ် ဒုတိယနှစ်ဝက် သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားသင်တန်းသူများအနေဖြင့် ယခုကတည်းက မိမိတို့သင်ကြားရသည့် ဘာသာရပ်များကို ထူးချွန်စွာတတ်မြောက်သူများဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း၊ ဆရာကိုယ်တိုင်ထူးချွန်မှ ထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ ပညာရေးမိသားစုအချင်းချင်းမနာလိုမှု၊ မုန်းတီးမှုမရှိစေဘဲ ကိုယ်ချင်းစာတရား၊ မေတ္တာထား၍ ဆက်ဆံကြစေလိုပါကြောင်း။

မိမိတို့ဒေသရခိုင်ပြည်နယ်ရှိ ကျောင်းသား၊ ကျောင်းသူများကို ပညာတတ်၊ လူတော်လူကောင်းများဖြစ်အောင် မိမိတို့ဒေသရှိ ဆရာ၊ ဆရာမများအားလုံး ဝိုင်းဝန်းလက်တွဲ၍ ညီညီညွတ်ညွတ် ပြုစုပျိုးထောင်သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း၊ သင်ကြားရာတွင်လည်း ဆင်းရဲခြင်း၊ ချမ်းသာခြင်း စသည့် မည်သည့်ခွဲခြားမှုမျိုးမှမရှိစေဘဲစေတနာအပြည့်ဖြင့် အမှန်တကယ်တတ်အောင် သင်ကြားပေးကြစေလိုပါကြောင်း၊ စာတတ်အောင်သင်ကြားရုံသာမက လိမ္မာရေးခြားရှိအောင်၊ မျိုးချစ်စိတ်နိုင်ငံချစ်စိတ်ရှိအောင်၊ ယဉ်ကျေးလိမ္မာအောင်လည်း သင်ကြားပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပြောကြားသည်။

ထိုမှတစ်ဆင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ကျောက်ဖြူမြို့နယ် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်း (အစိုးရရပ်ကွက်)သို့ရောက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအားပေးကြသည်။    

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ကျောက်ဖြူမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မင်းပြင်)သို့သွားရောက်၍ အဆိုပါကျောင်းခန်းမ၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ အဆိုပါဒေသဝန်းကျင်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အမှန်တကယ်ပညာတတ်မြောက်ရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာအရင်းခံ၍ သင်ကြားပေးကြစေလိုပါကြောင်းပြောကြားပြီး တက်ရောက်လာသည့် ကျောင်းအုပ်ကြီးများ၊ ရပ်မိရပ်ဖများက သိလိုသည်များကို ဆွေးနွေးဖြေကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အခြေခံပညာအလယ်တန်းကျောင်း (ပြိုင်းစေ့ကေ)၊ အခြေခံပညာအလယ်တန်းကျောင်း (အုန်းတော)၊ အခြေခံပညာအထက်တန်းကျောင်း(ဂုံးချွိန်)၊ အခြေခံပညာမူလတန်းကျောင်း(အောင်မြေသာ)နှင့် အခြေခံပညာမူလတန်းကျောင်း (ဂုံးချွိန်)သို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်