နေပြည်တော် မေ ၁၂
လူမှုရေးပညာတက္ကသိုလ် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိသည့် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် လူ့စွမ်းအားအရင်းအမြစ်မွေးထုတ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က လူမှုရေးပညာမဟာဌာန (Faculty of Social Work) တစ်ခု ပေါ်ထွန်းလာစေရေးသည် မိမိတို့ဝန်ကြီးဌာနအတွက် မဖြစ်မနေ လိုအပ်သည့် လုပ်ငန်းရပ်တစ်ခုဖြစ်ပါကြောင်း၊ Nay Pyi Taw State Academy ကို နိုဝင်ဘာလတွင် ဖွင့်လှစ်သွားမည်ဟု သိရှိရပါကြောင်း၊ အဆိုပါ Nay Pyi Taw State Academy ၏အောက်တွင် လူမှုရေး ပညာမဟာဌာနအပါအဝင် မဟာပညာဌာန ခုနစ်ခုကို ဖွင့်လှစ်သွားရန် လျာထားပါကြောင်း၊ Nay Pyi Taw State Academy တည်ထောင်ဖွင့်လှစ် သွားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မိမိတို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန လေးခုပါဝင်ပြီး ပညာရေးဝန်ကြီးဌာနက ဦးဆောင်ဆောင်ရွက်နေပါကြောင်း၊ ယခုလို Nay Pyi Taw State Academy ပေါ်ထွက်လာစေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ရာတွင် သင်ရိုးညွှန်းတမ်း ရေးဆွဲရေးဆိုင်ရာ၊ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ခြင်းဆိုင်ရာနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များအတွက် အခြားသောဝန်ကြီးဌာနသုံးခုက အဆင်သင့်ဖြစ်နေပြီး အတွေ့အကြုံရှိပြီးသား ဖြစ်ကြသော်လည်း မိမိတို့ဝန်ကြီးဌာနအနေဖြင့် အဆိုပါကိစ္စရပ်များ အားလုံးအတွက် ယခုအချိန်မှ အတွေ့အကြုံရယူရမည့် ဝန်ကြီးဌာနတစ်ခုဖြစ်ကြောင်း၊ ထို့အပြင် Nay Pyi Taw State Academy စတင် ဖွင့်လှစ်မည့် နိုဝင်ဘာလမတိုင်မီ အဆင်သင့်ဖြစ်နေရမည် ဖြစ်သည့်အတွက်ကြောင့် ပြင်ဆင်ချိန်ကာလ အကန့်အသတ်ရှိသော်လည်း ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရန် လိုအပ်သည်များကို သတ်မှတ်သည့်အချိန်တွင် ပြီးစီးအောင် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ တက်ရောက်လာကြသူများအနေဖြင့် မိမိတို့ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က Nay Pyi Taw State Academy ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာမည့် လူမှုရေးပညာမဟာဌာန (Faculty of Social Work) အောင်မြင်စွာ ပေါ်ထွန်းလာစေရေးနှင့် စပ်လျဉ်း၍ လိုအပ်သည့် အကြောင်းအရာများအား ဖြည့်စွက်ပြောကြားသည်။
ဆက်လက်၍ ပညာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးအောင်သန်းက ဘွဲ့သင်တန်းအသစ်များ ဖွင့်လှစ်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဘာသာရပ်တာဝန်ခံ ညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်