နေပြည်တော် မေ ၂
စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ဆောင်ရွက်မည့် အစီအမံများကို နေပြည်တော်ကောင်စီနှင့် နေပြည်တော်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီတို့ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် နေပြည်တော် ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော် ကောင်စီအနေဖြင့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာနမှ ဆောင်ရွက်မည့်ကိစ္စရပ်များ လုပ်ဆောင်ရာတွင် လိုအပ်သည်များကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်ပမှ စက်သုံးဆီတင်သွင်းခြင်း၊ တင်သွင်းလာသည့် စက်သုံးဆီများကို သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းစဉ်များ၏ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနအနေဖြင့် တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မီမှု ရှိ/ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း၊ ပြည်သူများ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ အရည်အသွေးနှင့် အရေအတွက် ပြည့်မီမှန်ကန်စွာ ဝယ်ယူရရှိနိုင်ရေးတို့အတွက် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများအပေါ် ဆောင်ရွက်သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိကို ပိုမိုထိရောက်စွာ ထိန်းကျောင်းနိုင်ရေး စီမံဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန စစ်ဆေးရေးအရာရှိချုပ် ဦးနိုင်ဝင်းထွန်းက စက်သုံးဆီဖူလုံမှုရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေးအတွက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော် ကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများက စက်သုံးဆီဖူလုံမှု ရှိစေရေးနှင့် ဈေးနှုန်းတည်ငြိမ်မှု ရှိစေရေး၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်