Skip to main content

လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၁/၂၀၂၂ သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် မေ ၂

လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင် ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၁/၂၀၂၂ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ပါမောက္ခ ဒေါက်တာကံဇော်က ယခုသင်တန်းကို လုပ်ငန်းခွင်ဝင် ဝန်ထမ်းသစ်များအနေဖြင့် မိမိတို့လုပ်ငန်း၏ သဘောသဘာဝ၊ လုပ်ငန်းတာဝန်များကို သိရှိနားလည်၍ စည်းကမ်းပြည့်ဝပြီး နိုင်ငံတကာအဆင့်မီသည့် ပြည်သူ့ဝန်ထမ်းကောင်းများ၊ စာရင်းစစ်ကောင်းများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ အလေးထား ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊ စစ်ဆေးရေးဝန်ထမ်းများသည် နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခြေခံ အဆောက်အအုံများကို တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သုံးစွဲသည့် ပြည်သူ့ဘဏ္ဍာငွေများကို အမှန်တကယ် အကျိုးဖြစ်ထွန်းစေမှု ရှိ မရှိ၊ စီမံခန့်ခွဲရေးဆိုင်ရာ ထိရောက်မှု ရှိ မရှိနှင့် ရရှိမည့်ရငွေများကို ပြည့်ပြည့်ဝဝ ကောက်ခံရရှိမှု ရှိ မရှိတို့ကို စိစစ်ကြီးကြပ် စစ်ဆေးရခြင်းဖြစ်ပါကြောင်း၊ ထိုသို့စစ်ဆေးရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ ကျင့်ဝတ်များနှင့်အညီ စစ်ဆေးရမည်ဖြစ်သဖြင့် အတတ်ပညာပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအရည်အချင်းများ ပြည့်ဝနေစေရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေ၊ မြန်မာနိုင်ငံ စာရင်းကောင်စီဥပဒေ၊ စာရင်းစစ်နှင့် စာရင်းကိုင်စံများ၊ နိုင်ငံတကာ စာရင်းစစ်စံများအပြင် နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် ဥပဒေ၊ နည်းဥပဒေနှင့် ကျင့်ဝတ်များကို သိရှိနားလည်စေရန်နှင့် လုပ်ငန်းခွင် ကျွမ်းကျင်မှု၊ ထိတွေ့သင်ကြားမှုများ၊ လက်တွေ့ကွင်းဆင်းမှုများ ရှိစေရန် ယခုသင်တန်းတွင် ဆွေးနွေးသင်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော် သင်တန်းကျောင်း ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းသို့ ဘာသာရပ်များအနေဖြင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေ၊ စစ်ဆေးရေး၊ အခြေခံစာရင်းကိုင်ပညာ၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း၊ ဦးစီးဌာနစာရင်းပညာ၊ စတိုပစ္စည်းစာရင်းထားနည်းနှင့် အမှုတွဲထိန်းခြင်း ဘာသာရပ်များအပြင် စာရင်းစစ်ရုံးဝန်ထမ်းများ သိရှိလိုက်နာဆောင်ရွက်ရမည့် ကျင့်ဝတ်နှင့် စည်းကမ်းဖြစ်သည့် ဆောင်ရန်၊ ရှောင်ရန်များကို မေ ၂ ရက်မှ ၂၆ ရက်အထိ ရက်သတ္တ သုံးပတ်ကျော် ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။               

သတင်းစဉ်