Skip to main content

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး‌ကော်မရှင်အဖွဲ့ဝင်များ ညောင်ဦးမြို့ရှိ အကျဉ်းထောင်၊ ညောင်ဦးမြို့မနှင့် ပုဂံနယ်မြေ ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သောအဖွဲ့သည် ယနေ့တွင် ညောင်ဦးမြို့ရှိ အကျဉ်းထောင်၊ ညောင်ဦးမြို့မနှင့် ပုဂံနယ်မြေရဲစခန်း အချုပ်ခန်းတို့ကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်နှင့် ရဲစခန်းအချုပ်ခန်းတို့ကို ကြည့်ရှုစစ်ဆေးစဉ် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များ၊ ကော်မရှင်ဥပဒေ လုပ်ထုံးလုပ်နည်း ထုတ်ပြန်ချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား/ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာရရှိခြင်း ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိနှင့် ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ စသည်တို့ကို မေးမြန်းမှတ်တမ်းတင်ပြီး ယခင်က ကြည့်ရှုစစ်ဆေးခဲ့သည့် အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ထောင်တွင်းဆေးခန်း၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂို‌ဒေါင်၊ ရေသန့်စက်၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

အကျဉ်းထောင်ရှိ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများအတွက် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း မြန်မာပြန်စာသားများပါရှိသော မှတ်စုစာအုပ် ၃၀၀ နှင့် ဗဟုသုတရဖွယ်ရာ စာအုပ်စာပေ ၂၀၀ တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ရာ အကျဉ်းထောင်တာဝန်ခံက လက်ခံရယူခဲ့သည်။

ကော်မရှင်အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်